နွား
ဘယ်ဖက်ကပဲကြည့်ကြည့်
မြင်နေရတာက နွားတစ်ကောင်ဖြစ်နေတာသေချာ
ဒါပေမယ့် ဘယ်နေရာကပဲကြည့်ကြည့်
ကျုပ်ကိုယ်ကျုပ်မမြင်ရဘူး
ကျုပ်ဟာနွားမဟုတ်ဘူးဆိုပါစို့
ဘာများဖြစ်မလဲ … ၊၊ ၊၊
ပုံပြင်ထဲက ကဗျာဆရာပြောခဲ့တဲ့ ပုံပြင်
တွေ့မိကြသလားဗျာ
ကဗျာဆရာတစ်ယောက်ဒီနားမှာပျောက်သွားပါတယ်
ဟိုနားကခပ်ကုပ်ကုပ် ပုံပြင်ထဲများဝင်သွားသလား
တွေ့ရင်ပြောကြပါဗျာ
ကဗျာဆရာရဲ့ပုံပန်းသဏ္ဍာန်ကဒီလိုရှိပါတယ်

သူကပုံပြောလည်းအရမ်းတော်ပါတယ်
သူကတစ်ခုမှာခဲ့ပါတယ်
သူကိုတွေ့အောင်ရှာနိုင်ရင် ပုံပြင်တစ်ပုဒ်ပြောပြမယ်တဲ့
ကျွန်တော့် ပုံပြင်ထဲက
ဗျာဆရာက
ဗျာတစ်ပုဒ်မဟုတ်တဲ့
ပုံပြင်တစ်ပုဒ် ပြောသွားပါတယ်။
အခုပုံပြင်ကလည်း ပဒေသရာဇ်ကဗျာဆရာပြောခဲ့တဲ့အတိုင်းပါပဲ
ကျွန်တော်လည်းသူ့ကို အခုထိရှာနေတုန်းပါပဲ
အခုထိသူပြောခဲ့တဲ့ ပုံပြင်လေးကိုပြောပြနေမိတုန်းပါပဲ
အမှန်တကယ်က ကဗျာဆရာတစ်ယောက်ဒီထဲမှာပျောက်နေတာပါ
တွေ့ရင်ပြောကြပါဗျာ
ကဗျာဆရာတစ်ယောက်ဒီအထဲမှာပဲပျောက်နေတာ။ ။
တာယာသံတွေဆူညံလွန်းနေသလား
သာယာသံမဟုတ်တာတော့ ဆောရီးပါ
တယောသံလည်းမဟုတ်ဘူးဗျ
ဒါ မြို့ရဲ့အသံ …
ဒါ မြို့ရဲ့ ဖိုထိုးမောင်းနှင်သံ
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
မြို့တစ်မြို့ရဲ့ ရယ်သံလို့မှတ်တယ်
အရမ်းများပြည့်သိပ်လွန်းနေသလားမသိဘူး
ပလက်ဖောင်းပေါ်ခေါင်းအုံးအိပ်ဖို့မစဉ်းစားနဲ့ကိုယ့်လူ
အဲဒီမှာ နေရာလွတ်မရှိဘူး …
လက်ခုပ်တီးပြီးအော်နေတယ်
သုံးခုတိတိရမယ်တဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေများလားမသိဘူး
တစ်ခါတရံ လောဘ၊ ဒေါသ၊ မောဟ တွေက ညပ်ညပ်ပါလာသေး
အဟောင်းဆိုင်ဆိုတာကတော့
ကျွန်တော့်အားထားရာပေါ့
အထင်တော့မသေးနဲ့ဗျ
နာရီဝက်အတွင်း ဘရက်ပစ်နဲ့တူအောင်လုပ်လို့ရတယ်
နာရီဝက်အတွင်း အမ်မီနမ် နဲ့တူချင်သလားရတယ်
နာရီဝက်အတွင်းတော့အိမ်ပြန်မခေါ်နဲ့လေ
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
ကားလမ်းပိတ်တာကို ရပ်စောင့်ရမယ်
တစ်နာရီမိုင်သုံးဆယ်နှုန်းအတွင်းရွေ့လျားရတယ်လေ
နာရီဝက်အတွင်းတော့အရောက်မခေါ်နဲ့ပေါ့
ကျွန်တော်တို့အိမ်က မြို့သစ်ကို(ချက်ချင်း)ရွှေ့ရဦးမှာမှမဟုတ်တာ
မီးတိုင်တွေကလင်းချင်းလွန်းအားကြီးတော့လည်း
မှောင်ရိပ်ခိုချင်သူ ပျိုဖြူတွေရဲ့ အကျပ်အတည်းကအထင်းသားပေါ့
မရယ်နဲ့လေဗျာ …
သူ့ဝမ်းသမုဒ္ဒရာ သူကိုယ်တိုင်ရွက်လွှင့်ပါစေ
ရေနစ်သူဝါးကူထိုး အတင်းကြီးတော့ ၀ိုင်းမနှစ်ကြနဲ့ပေါ့
ဒစ္စကိုမီးရောင်အောက်မှာလောက်တော့ဘယ်လှနိုင်ပါ့မလဲ
သိန်းကျော်တန်ရေမွှေးတော့လည်း ဘယ်ဆွတ်နိုင်ပါ့မလဲ
ဒီလိုပဲ …
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
လူတွင်ကျယ်ဝင်ဝင်လုပ်တတ်တယ်ပေါ့
ဒီဂျစ်တယ်ဖန်သားပြင်ပေါ်လက်တို့ပြီး ပြောနေကြသလား
လက်တို့ပြီးတော့ ပြောရဦးမှာလား
နည်းပညာဝါးမြိုခံ ပြောရမှာလား
နည်းပညာစားသုံးသူလား
ကီလိုဘစ် တွေအဆတ်မပြတ်စီးဆင်း …
မှုထဲမှာ
မောင်ချောနွယ်ပါတယ်
ဘယ်သူမှန်းမသိတဲ့
ထပ်ခါတလဲလဲကြားနေရတဲ့
မာယာကော့စကီးပါတယ်
လိင်တူ လိင်ကွဲ၊ သံတူ ကြောင်းကွဲတွေပါတယ်
အနိုင် အရှုံးတွေပါတယ်
လက်ရှိပေါက်ဈေးတွေပါတယ်
တစ်ခါတလေ ဗိုက်သားချပ်ချပ်နဲ့ကောင်မလေးတွေတောင်ပါသေး
နောက်ဆုံးပေါ်တွေပါတယ်
အဆုံးထိပေါ်နေတာတွေပါတယ်
ချစ်သလား ကြိုက်သလားတွေပါတယ်
ဘယ်နေရာကိုလာပါ ဘာအရောင်ဝတ်ခဲ့ပါ ပါတယ်
ဖျက်ဆီးမှုအားကောင်းမောင်းသန်တွေပါတယ်
လက်တို့ပြီးတော့ ပြောရဦးမယ်
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
ကျွန်တော်လည်း အဲဒီထဲမှာပါတယ်
မြစ်ဆိုတာလောက် မကျယ်တော့လည်း
ငါတို့ မြောင်းတွေ
ပိတ်ဆို့သင့်သလောက်ထက်မကပိတ်ဆို့ရတာပ
အဲဒီထဲမှာ
ခင်ဗျားပစ်လိုက်တဲ့ ပလတ်စတစ်အိတ်ပါကောင်းပါလိမ့်မယ်
ထားပါ
ပိတ်ဆို့ပြီးမှတော့ အတူတကွ ပိတ်ဆို့ကြတာပေါ့
ကန်တော်လေးမှာ ရေကြီးနေတယ်
လမ်းကျယ်မှာ ရေမြုပ်နေတယ်
အ၀ိုင်းလေးမှာ လှိုင်းပါထနေတယ်
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
မြစ်တို့၏မာယာထက် မြောင်းတို့၏မာယာကို ပိုနားလည်တာမဆန်းဘူးလေ
မြို့နေပြည်သူဆိုတော့ကာ …။ ။
ကျွန်တော်မသိဘဲ … မိုးတွေရွာသွားတယ် … မကြည်ဖြူ
အသက်ရှူသံတိုးတိုးလေး
ကြားယောင်နေတယ်ကွယ်
တွေးလိုက်တိုင်း …
ပန်းတွေ တဖြည်းဖြည်း ပွင့်အံလာကြ …
ရနံ့တွေ တဖြည်းဖြည်း ပျံ့နှံ့လာကြ …
ကျွန်တော်ကတော့
တဖြည်းဖြည်းရင့်အိုလာရတဲ့ ပြက္ခဒိန်ထဲက
နေ့လေးတစ်နေ့ပါကွယ်
အဲဒီနေ့လေးထဲ …
ကျွန်တော်မသိဘဲ … မိုးတွေရွာသွားတယ်
… မကြည်ဖြူ
ဘယ်လိုညွှန်းဆိုရမလဲ
ခိုးကြောင်ခိုးဝှက် မိုးစက်တွေအောက်မှာ
နိမိတ်ပုံတွေ သေကုန်ကြပြီ
အဲဒီလို အနိဌါရုံ ထဲကိုမှ
အလွမ်းတွေ ထပ်မထည့်ပါနဲ့တော့လေ
ပြောရမယ်ဆိုရင်
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်
ပန်းတွေတောင် အများကြီးပွင့်ခဲ့ကြပြီးပြီလေ
ဘယ်နက္ခတ်မှာပွင့်တဲ့ပန်းက
မင်းအလှကို အံတုနိုင်မှာမို့လဲ … မကြည်ဖြူ
“ကြည့် … အဲဒီလိုထပ်ပြုံးပြန်ပြီ”
မင်းအပြုံးအောက်မှာ
မိုးတွေအကြိမ်ကြိမ်ရွာတယ်
မိုးတွေအကြိမ်ကြိမ်ရွာ
အကြိမ်ကြိမ်မိုးရွာ
ဒီနေ့လည်းအသေအချာပေါ့ … မကြည်ဖြူ
ကျွန်တော်မသိပေမယ့်
တခမ်းတနားရွာသွားတယ်ဆိုတာ …
ကျွန်တော်သိပါတယ်
ဒီကဗျာဖတ်ပြီး
မကြည်ဖြူ တိတ်တိတ်လေးပြုံးနေမှာကို …
တပြိုင်တည်းမှာပဲ
ကျွန်တော်မသိအောင်
မိုးတွေက ရွာကြဦးမယ်လေ …
ဟုတ်တယ်မလား … မကြည်ဖြူ
အာဖရိက က
ကျောပြင်မည်းမည်းတွေပေါ်ကျနေတဲ့
မိုးစက်တွေကလည်း
မကြည်ဖြူ အပြုံးကြောင့်ပဲဖြစ်မှာပဲ
အိမ်ဖြူတော်ပေါ် မိုးဖွဲဖွဲလေးကျနေတာလည်း
အဲဒီအပြုံးကြောင့်ပဲဖြစ်မှာပဲ …
ကျွန်တော်ကတော့
မခွဲခြားခဲ့ပါဘူး
အခုထိလည်း
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်
ထပ်ပြီးတော့ပြောရဦးမယ်
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်။ ။
တကယ်ဆို …
ဟောဒီမသေချာမှုတွေကို သူလိုချင်ပုံမရဘူး
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို သူလိုချင်ပုံမရဘူး
တနင့်တပိုးတွေကို သူလိုချင်ပုံမရဘူး
သတင်းစာ၊ ဂျာနယ်တွေကို သူလိုချင်ပုံမရဘူး
ရှိမှု၊ မရှိမှုတွေကို သူလိုချင်ပုံမရဘူး
ဝေဿန္တရာမင်းရဲ့အလှူတွေကို သူလိုချင်ပုံမရဘူး
အာလာဒင်မီးခွက်ကို သူလိုချင်ပုံမရဘူး
ဒါဝင်ရဲ့မျောက်တစ်ကောင်ကို သူလိုချင်ပုံမရဘူး
စိတ်ကြွဆေးတွေကို သူလိုချင်ပုံမရဘူး
မိတ္တဗလဋီကာကို သူလိုချင်ပုံမရဘူး
ရှေ့မှတ်တိုင်ပါသလားကို သူလိုချင်ပုံမရဘူး
ရီလေတီဗီတီကို သူလိုချင်ပုံမရဘူး
အင်း … သူလိုချင်ပုံမရဘူး
အဟင်း … သူလိုချင်ပုံမရဘူး
ဒါမှမဟုတ် … သူလိုချင်ပုံမရဘူး
ဝေေ၀၀ါးဝါး … သူလိုချင်ပုံမရဘူး
(သို့မဟုတ်) … သူလိုချင်ပုံမရဘူး
တံခါးတွေအကုန်ဖွင့်ထားခဲ့တာတောင်
သူဝင်မလာခဲ့ …
သေချာပါတယ်
သူတိတ်တိတ်လေးပဲမှောင်နေချင်တယ်ဆိုတာ … ။ ။
နေညိုပြီ
ဆိုလက်စတေးသွားက တိခနဲရပ်တန့်သွားတယ်
ဒီခန္ဓာပါးပါးလေးနဲ့ တွယ်ငြိမိတာက
ဆူးပင်တွေလေ …
ဘယ်သူမှမကြားလိုက်ဘူး မဟုတ်လား
အားလုံးအတွက်တော့ ပေါ့ပေါ့ပါးပါးပါပဲ
ငါကတော့ ဘ၀တစ်ခုလုံး
ပျောက်ဆုံးခဲ့ရတယ် ။ ။
မင်းရဲ့ ဆံနွယ်အခတ်မှာ
အသက်ငင်နေရတဲ့ အိပ်မက်တွေပါ
အလူးအလဲပဲ …
ပြုစားတတ်လွန်းတဲ့ ဆံစတိုတိုရယ်
ငြိမိနေတဲ့ စိတ်က
ကိုယ့်ရင်ခုန်သံကိုယ်ထိန်းဖို့
သတင်းမပို့နိုင်ရှာဘူး
ခက်ပြီ …
သံသရာအဆက်ဆက်
ကမ္ဘာအဆက်ဆက်
တရှိုက်မက်မက် ဆက်မက်ခွင့်ပြုပါ
ကျွတ်တမ်းမ၀င်နိုင်တဲ့ နှလုံးသားက
ရင့်ရင့်ရဲရဲ … ဆာလောင်တယ်
မင်းသိမှာ မဟုတ်ပါဘူး
ငါ့ဝိဉာဉ်က မင်းဆံစမှာ တွဲလွဲခိုနေရတာ
ပျော်တယ်
ဒါ …
မင်းဘယ်တော့မှ သိရမှာ မဟုတ်ပေဘူး
ငါ …
အဲဒီလိုပဲ
ခပ်စိမ်းစိမ်းရူးတယ်
ငါ့ရဲ့ သူစိမ်းတရံစာ ဆံနွယ် …
အသစ်တစ်ဖန် ဖြစ်ခွင့်ရခဲ့ရင်ပေါ့
ငါ့ရိုးတံကိုဖြတ်
ငါ့ဆူးတွေကိုသပ် (ရှိခဲ့မယ်ဆိုရင်)
ခဏလောက်ဖြစ်ဖြစ် … ပန်ပါ
ထိုကဲ့သို့လည်း
ငါ့အသက်ကိုထပ် …
ဖြတ်သန်းခွင့်ရချင်တယ်
မင်းအတွက်ဆိုရင်
ကံသုံးပါးစလုံးနဲ့
ညွှတ်ချင်နေတဲ့
ဥယျာဉ် တစ်ခုပါ
ငါ့ရဲ့ …
သူစိမ်းတရံစာဆံနွယ် … ။ ။
ဒုလ္လဘအလံ လွှင့်ထားတဲ့
ခန္ဓာထဲ …
အာရုံခြောက်ပါး အပြိုင်းအရိုင်းပေါက်ရောက်ကြ
ယားယံလွန်းလှရဲ့
အသွေးအသားအကြောတွေ ရုန်းကြွ …
ဖျတ်ကနဲ ဖျတ်ကနဲရွေ့လျား …
အာခေါင်တွေ ခြောက်လာ …
ဇောချွေးပြန်ရ …
အသက်ပြင်းပြင်းရှူရ …
မိန်းမော …
တွေဝေ …
ဆန္ဒတွေရဲ့ ဆွဲဆွဲငင်ငင်အူသံမှာ
နက်သထက် နက်နေရတဲ့ တွင်းတစ်တွင်းပေါ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို ကျောခိုင်းပြီး …
မာနတွေ ရေလောင်းပေါင်းသင်ပြီး …
လက်သည်းတွေ ရှည်သထက် ရှည်လာပြီး …
မျက်လုံးတွေ နီသထက် နီလာပြီး …
အစွယ်တွေ ချွန်သထက် ချွန်မြလာပြီး …
ဆာလောင်သထက် ဆာလောင်လာပြီး …
ဘဝတစ်ပါးကူးပြောင်းပြီး …
အသစ်တစ်ဖန် မွေးဖွားပြီး …
အသစ်တစ်ဖန် ရေလောင်းပေါင်းသင်ပြီး …
အသစ်တစ်ဖန် ရှည်သထက် ရှည်လာပြီး …
အသစ်တစ်ဖန် နီသထက် နီလာပြီး …
အသစ်တစ်ဖန် ချွန်မြလာပြီး …
အသစ်တစ်ဖန် အာသာငမ်းငမ်းဖြစ်ပြီး …
ထိလိုက် …
ငြိလိုက် …
တုပ်နှောင်လိုက်နဲ့
ကိုယ့်ကိုယ်ကိုယ် ဖြေဖို့မကြိုးစားနိုင်တဲ့
ကြိုးတစ်ထုံးပေါ့။ ။
ကဗျာကတော့စပါပြီ
နမောတဿ သုံးကြိမ်ရွတ်ရန်မလိုပါ
မဖွယ်မရာ စကားလုံးလှလှများဖြင့်
ကြိတ်လှီးမည်ဖြစ်ပါသည်
နားမခံသာသူများ နားနိုင်ကြပါပြီ
လကမ္ဘာပေါ်ရေရှာနေချိန်မှာ
မုန်တိုင်းအောက်က မြို့လေးဟာ
ရေတွေကြီးလို့ …
နေကိုမမြင်ရဘူး
လကိုမမြင်ရဘူး
ဆိုးဆိုးရွားရွား … ဆိုးဝါး
အနာဂတ်ကိုလည်းမမြင်ရဘူး
ငါတို့အပေါ်ကိုဖုံးနေတာ
ဘယ်သူ့အရိပ်လဲ …
ဘယ်သူလဲ …
ဘယ်ဝါလဲ …
ဘယ်လိုသတ္တ၀ါလဲ …
ချီးတဲ့မှပဲ …
ဘယ်သူ့ကို ပသရမလဲ
ဘယ်သူက မစမှာလဲ
ဘာကိုမျှော်နေမိမှန်းကိုမသိတော့ဘူး
ခပ်ရိုင်းရိုင်းနှိုင်းရရင်
ခင်ဗျားတို့အခမ်းအနားက လက်ခုပ်သံဟာ
ကျုပ်ဗိုက်ထဲက တကြုတ်ကြုတ်မြည်သံလောက်
မကျယ်နိုင်ပါဘူး
အဲဒီလိုပါပဲ
ဘ၀ဆိုတာ ကိုယ်ကြုံမှကိုယ်သိ
ဘယ်ငတိကမှ ၀င်ကြည့်ပေးလို့မရဘူး
ညနေစောင်းဟာ ခွာသံတဖြောင်းဖြောင်းနဲ့ …
သုရာမေဒယကို ဖန်ခွက်ထဲလောင်းထည့်
ကတိုက်ကရိုက်မော့ချလိုက်တယ်
အူမထဲထိ ပူလောင်လို့ …
တစ်ကိုယ်လုံးလန်းဆန်းသွား
အိမ်အပြန်ခြေလှမ်းများ သွက်လာ …
အိမ်အပြန်ခြေလှမ်းများ …
သေချင်းဆိုးချိုင့်ခွက်များအားနင်း
ရဲရဲတင်းတင်း … ရဲတင်း
“ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို
ညအသစ်ကို ကြိုဆိုလိုက်တယ်။ ။
ငါဖွင့်ဖွင့်ဖတ်ခဲ့တဲ့ မျက်ဝန်းလေးရေ
နင်က ငါ့အတွက်
အဘိဓမ္မာဆိုလည်းဟုတ်တယ်
ခိုးကြောင်ခိုးဝှက်ရောင်းရတဲ့
မူးယစ်ဆေးဝါးလည်းဖြစ်တယ်
ဖြစ်ဖြစ်သမျှရဲ့
မွှေးရနံ့ဟာလည်းနင့်ကိုယ်သင်းနံ့ပဲဖြစ်မှာပဲ
သေသေချာချာသိမ်းထားပေးပါ
မျက်ဝန်းလေးရယ်
ငါ့ရဲ့ကမ္ဘာမှာ အရိုင်းအစိုင်းတွေ
ပေါများလွန်းလို့ပါ
အခုလည်း
ငှက်ဆိုးတစ်ကောင်က
ငါ့ပုခုံးပေါ်မှာနားလို့ ...
သေခြင်းတရားကို ပြေပြေပြစ်ပြစ်
ထိုးဆိတ်နေတယ်
မခံစားနိုင်ဘူးကွယ်
ငါ့အသက်တွေကို
နောက်တစ်နေ့အထိ
သေသေချာချာသိမ်းထားပေးစမ်းပါ
ဒီနေ့ ...
ငါ မင်းအကြည့်တွေကို
သေသေချာချာ ထုပ်ပိုးသွားချင်လို့ပါ။ ။
နာရီနဲ့ယက်လုပ်ထားတဲ့
တစ်ခါသုံးနေ့ညတွေ
တဖျတ်ဖျတ် သက်တမ်းကုန်တယ်
ကိုယ်တိုင်က ...
ပြက္ခဒိန် ဘယ်နှစ်ခုစာ သက်တမ်းကုန်ခဲ့ပြီလဲ
ပြက္ခဒိန် ဘယ်နှစ်ခုစာ တွေဝေခဲ့ပြီးပြီလဲ
ဘယ်လိုမှ ရုန်းမရလို့
ညဟာမှောင်လိုက်ရသလို
ဒုက္ခတွေကို ခရီးဦးကြိုပြု
စက္ကန့်သံတချက်ချက်ကြားမှာ
ဇောချွေးဘယ်နှစ်ခါပျံခဲ့ရသလဲ
ကိုယ့်ကိုယ်ကိုမေးနေတုန်း
ချစ်သူရဲ့ရယ်သံပြန်အကြားမှာ
ဘ၀ကိုပိုမိုတွယ်ငြိဖြစ်လာပြန်တယ်
နောက်ဆုံးတော့ ...
အဲဒီအရာတွေကိုပဲ
ပျော်ရွှင်မှုလို့သတ်မှတ်လိုက်ရတော့တာ။ ။
သစ္စာတရားက
အခုမှစူပါမားကတ်ကဆင်းလာသလိုမျိုး
ဟန်ဆောင် ...
မြွေတစ်ကောင်ကတွင်းထဲမှာရှိနေတယ်
ချုံပုတ်ထဲမှာရှိနေတယ်
အိပ်ယာအောက်မှာရှိနေတယ်
အန္တရာယ်ဟာ ကိုယ်နဲ့အိမ်နီးချင်းဖြစ်နေသလား
နောက်ကျောမလုံတာနဲ့ပဲအရှေ့တည့်တည့်ကိုမကြည့်နိုင်အားဘူး
နင်ငါ့ကိုချစ်သလား ...
ငါကနင့်ကိုချစ်သလား ...
ဖုန်းထဲမှာလည်းမပြောဖြစ်ကြဘူး
လက်နှစ်ဖက်ကိုအိမ်ရိုက်သံနဲ့တွဲထားလို့ရော ...
မြဲနိုင်ပါ့မလား ...
မျက်စိထဲအလင်းတန်းတွေက
ကန့်လန့်ဖြတ်စီးဆင်းကြ
သူအိပ်လို့ပျော်ပါ့မလား မစဉ်းစားမိခင်
အိပ်ပျော်သွားတဲ့ညတွေ ငါ့မှာရှိတယ်
ပန်းသီးတစ်လုံးကိုမကိုက်ဘဲနဲ့
စိတ်ရိုင်းတွေက၀င်ဝင်လာတယ်လေ
ဘယ်လိုဖွတ်ဖြူရမလဲ မတွေးတော့ဘူး
သစ္စာတရားက ဟိုဖက်ကမ္ဘာမှာတော့ဈေးကောင်းရနိုင်သေးရဲ့
အဲဒါနဲ့ပဲ
အပိုဆောင်ထားမိတဲ့ နံရိုးတစ်ချောင်းအကြောင်း
ဘယ်သူ့ကိုမှပြောမပြဖြစ်တော့ဘူး။ ။
ကြက်သွန်
သိပ်ဖော်ဖော်ရွေရွေတော့မဟုတ်ဘူး
အသက်ရှုကြပ်နေသူချင်း ...
အတူတူ ...
ဖိတ်တစ်ဝက် စင်တစ်ဝက်ချင်း ...
အတူတူ ...
ပွင့်ပွင့်လင်းလင်းပြုံးမပြနိုင်ကြဘူး
"လိုတာကိုပဲပြောပါ ...
လိုတာကိုပဲပြောပါမည် "
အဲဒီစာတန်းခင်ဗျားတို့မြို့အ၀င်မှာချိတ်ထားသလား
"သြော် ... ဟုတ်လား
အချိန်မရဘူးလား"
အိုကေ ... အိုကေ
ရောင်စုံပလပ်စတစ်နဲ့ ထုပ်ပိုးထားတာကလွဲရင်
ဆိုးဆေးတော့ပါလို့မရဘူးနော်
အပူချိန်က မနှစ်ကထက်ပိုလာတာတော့သေချာတယ်
နေဦး ... နေဦး
မေးစရာကကျန်သေးတယ်
ညအိပ်ညဉ့်နေလာရင်
ဧည့်စာရင်းတိုင်ဖို့လိုသလား ...
ဟုတ်တယ်ဗျာ
ဒီမှာလိုပဲ ... ခင်ဗျားတို့မြို့မှာလည်း ...
လေကောင်းလေသန့်
ရေကောင်းရေသန့်တွေ လိုအပ်နေတုန်းပဲမဟုတ်လား ... ။ ။
ကြက်သွန်
အရောင်မဲ့နေ့။
ဆေးရုံကုတင်တစ်လုံး။
စီဒီအကျိုးတစ်ချပ်။
မပွင့်တပွင့်အပြုံး။
အခန်းနံပါတ် 505။
ဒဏ်ရာဗရပွနဲ့နာရီ။
သောကမျက်နှာများ။
မိုးရာသီရဲ့ဝမ်းတွင်းကနွေတစ်ရာသီ။
ခေါ်မရခဲ့သော ဖုန်းနံပါတ်များ။
လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းတစ်ယောက်။
ကဗျာစာအုပ်တစ်အုပ်။
နာရေးကြော်ငြာ။
သူမတစ်ရေးနိုးချိန်။
မြန်မာတိုင်း(မ်)သတင်းစာ။
ထွေးခံတစ်လုံး။
ဓာတ်လှေကားတွေခုန်ပေါက်။
ရယ်သံများ။
အရာအားလုံးကိုကြည်ကြည်လင်လင်။
ကိုယ့်ကိုယ်ကိုပျောက်ဆုံး။
အင်္ဂလိပ်သီချင်းငါးပုဒ်။
ကြည်နူး။
လက်သည်းများရဲ့အဆိပ်။
စိတ်ငြိမ်ငြိမ်ထားရန်။
ကားမှတ်တိုင်။
အရုပ်တစ်ရုပ် သို့မဟုတ် ဓားပါးပါးတစ်လက်။
သနပ်ခါးလိမ်းထားသော စက်ရုံထွက်ပန်းတစ်ပွင့်။
မျက်ဝန်းများ။
ကော်ဖီပျစ်ပျစ်တစ်ခွက်။
မွေးနေ့ဆုတောင်းမပေးခဲ့မိ။
ဒိုင်ယာရီအဖွင့်။
ကဗျာတစ်ပုဒ်။
ဘီယာခွက်များ။
သွေးအလိမ်းလိမ်းနှင့်ချစ်ခြင်းမေတ္တာ။
တံခါးဖွင့်သံ။
မာယာတွေစာတစ်မျက်နှာအပြည့်။
သူမဖြားယောင်းခဲ့သလား
သေသေချာချာမသိ၍
ကိုယ့်ကိုယ်ကိုဖြားယောင်းပြီး
ထိုတစ်ညအိပ်ဖြစ်ဖို့ရန်
နိုးစက်ကိုဖွင့်ထားလိုက်သည်။
ဘတ်(စ်)ကားများတစ်စီးပြီးတစ်စီး။
ကျွန်တော် ကားပေါ်မှာလား။
မှတ်တိုင်မှာလား။
ရုပ်ရှင်ရုံထဲမှာလား။
သူမအနားမှာလား။
ဝတ္ထုစာအုပ်ထဲမှာလား။
အ၀တ်ဗီရိုထဲမှာလား။
မသိ၍ ခြေပစ်လက်ပစ်ဖြစ်နေသော လမင်းကို
ဧည့်ခန်းတွင်ချိတ်ထားလိုက်သည်။
ဖိနပ်စီးမလာသော သစ္စာတရားအား
ခြေသုတ်ခုံပေးရန် ကျွန်တော်ပျင်းကြောင်း
လုံခြုံရေးကောင်စီမှ မကြေညာပါ။
ကျွန်တော့်အိပ်ကပ်ထဲတွင် ပိုက်ဆံတစ်ပြားမှမရှိသော်လည်း
သူမကိုချစ်သည်ဟု
အိပ်ကပ်ထဲတွင်
စကားလုံးများ အပြည့်ရှိသည်ကို
သံသယမရှိစေရန်
မေ့ပစ်လိုက်ဟု
ပြေရာပြေကြောင်း
ကျွန်တော့်နှလုံးသားတည့်တည့်တွင်
သီချင်းတစ်ပုဒ် ကြိုးဆွဲချသေဆုံးပုံအား
လင်ငယ်နေသော မေတ္တာတရားကို ကိုးကား၍
ရှုတ်ချရန် မရည်ရွယ်မိပါဟု
ရည်ရွယ်ကာ သူမကိုချစ်သည်။
ခရေပင်များ။
ပိတောက်ပင်များ။
ကင်တင်း(န်)ထဲမှ စားသောက်ဖွယ်ရနံ့တွေ ပေကျံနေတဲ့
သီချင်းသံ ခုန်ခုန်ထွက်လာသည်။
သူမပြုံးပြရင်း ကျွန်တော်ဆေးလိပ်သောက်နေသည်။
ဘတ်(စ်)ကားသည် လိုအပ်တာထက်ပိုကျပ်ကြောင်း
ငယ်ငယ်တုန်းက မသိသော်လည်း
ကျွန်တော်ကျပ်နေသည်။
နှုတ်ခမ်းကိုကိုက်ထားသော သွားများအား
ဖြည်းဖြည်းကိုက်ရန် သတိမပေးမိမှန်း
ကျွန်တော်ဆံပင်ညှပ်သောညတွင်
သတိမရကြောင်း ပြောချင်သည်ကို
သတိမရပါ။
သူမတံခါးဖွင့်ဝင်လာသော်လည်း
ကျွန်တော်ထိုင်နေသည်ကို မြင်နေရသည်။
ဆင်ခြေဆင်လက်များသော ညနေခင်းတွင်
အသည်းကွဲနေသည်ဟူသော စကားလုံးအား
ဈေးကြီးပေး၍၀ယ်ထားလိုက်သည်။
အချစ်နှင့်အမုန်း နယ်နိမိတ်တွင်
နာကျင်မှုသစ်ပင်အား သူမစိုက်သည်။
အပွင့်မပွင့်။
အသီးမသီး။
ဆေးဖက်လည်းမ၀င်ပါ။
နာကျင်ခြင်းသက်သက် ပေါက်ရောက်သည်။
ထို့နောက် ထွက်သွား သို့မဟုတ် ပြန်သွားသည်။
အနေအထိုင်မတတ်သော နှလုံးသားသည်
တစ်ဘ၀စာ ဒဏ်ရာများ
ဝမ်းစာဖူလုံသွားခဲ့ပြီ။
ထိုနေ့သည် မည်သည့်နေ့မှန်း
ကျွန်တော်သေသေချာချာ မမှတ်မိပါ။
ချစ်ခြင်းမေတ္တာအား မြင့်မြတ်သောတစ်နေရာတွင်
ထားလိုက်သည်။
ကျွန်တော်၏ ရင်နှစ်သည်းချာ မာနများအား
တွေ့ရှိက အကြောင်းကြားစေချင်ပါသည်။
ကျေးဇူးဆပ်ပါမည်။
ဘဒ္ဒါ ...
နာကျင်မှုထက်သာလွန်သော
မြတ်နိုးခြင်းအားဖြင့်
နင်ပေးသွားတဲ့ နွေတစ်ပိုင်းကို
ငါ အစိမ်းအတိုင်းသိမ်းထားပါတယ်
ငါကတော့
တစ်နွေလုံးမြုံလာခဲ့ပြီးမှ
မပွင့်လိုက်ရတဲ့ မိုးရာသီပန်းတွေအတွက်ပဲ
နှမြောမိခဲ့တယ်
ဘဒ္ဒါ ...
နင်ခလုတ်ပိတ်ထားခဲ့တဲ့ မိုးရာသီအသေထဲ
နင်သင်းသတ်ထားခဲ့တဲ့
ငါ့ရဲ့ရေလောင်းပေါင်းသင်ဆဲ တိတ်တခိုးတွေထဲ
နင့်ရယ်သံတွေ ကြည်လင်ပြတ်သားနေတုန်းပဲ
နေကောင်းလား ... ဘဒ္ဒါ ...
ငါသိချင်တာက နင့်ကြောင့် ငါ
ဘာဖြစ်လို့ ခဏခဏသေတာလဲဆိုတာပါ
တွေးလို့မရပါဘူး
အခုထိ တွေးရင်းသေရင်းပဲ ... ဘဒ္ဒါ။
နေရောင်ခြည်တွေ မင်းရဲ့အကြည့်မှာ
အလင်းယိုင်တယ် ဘဒ္ဒါ …
နှင်းဆီတွေခေါင်းငုံ့နေကြတာလည်း
အဲဒီအကြည့်အောက်မှာပါပဲ
အဲဒီအကြည့်အောက်က
ငါ့ခြေလှမ်းတွေအကြောင်းကတော့
သော့ပိတ်ထားလိုက်တော့မယ်
မင်းလက်အစုံနဲ့
ငါ့ကိုငြိမ်းသတ်ခွင့်ပေးပါ … ဘဒ္ဒါ
ဘယ်သူ့ကြောင့် လောင်ကျွမ်းခဲ့သလဲဆိုတာကတော့
ငါမဖြေနိုင်ခဲ့တဲ့ မေးခွန်းပါ
မင်းဘယ်သွားမလဲဆိုတဲ့ မေးခွန်းမျိုး
ငါ့ကို မမေးပါနဲ့
လူတိုင်းမှာ လှပတဲ့အိပ်မက်တွေရှိတာ သေချာရင်
ငါသွေးပျက်ခဲ့ရတဲ့ အိပ်မက်တွေကို
ဧဒင်ဥယျာဉ်ရဲ့ အနောက်မြောက်ထောင့်မှာ
မြှုပ်ပေးပါ
မျက်နှာမလွဲလိုက်ပါနဲ့ ဘဒ္ဒါ …
ဒါ … လူတစ်ယောက်ရဲ့ ရာဇ၀င်ပါ
မင်းရှေ့မှာမရှိတော့တဲ့ လူတစ်ယောက်ရဲ့ ရာဇ၀င်ပါ
ငါကျောခိုင်းခဲ့တာမဟုတ်ပါဘူး
ဒါပေမယ့် ငါသွားမယ် ဘဒ္ဒါ
ဝေးရင်ပြီးရောသဘောပါ
မင်းမငိုဘူးဆိုတာ ငါသေချာသိပါတယ်
ငါငိုလား မငိုလားဆိုတာလည်း
ငါသေချာသိပါတယ်
ဘဒ္ဒါ …
မင်းကရောဘာတွေသေချာခဲ့သလဲ
ငါသေချာခဲ့တာနောက်တစ်ခုရှိသေးတယ် ဘဒ္ဒါ …
မင်းရဲ့မြို့ပြယန္တရားမှာ ရိုးရာပျက်ခဲ့ရတဲ့
တောအုပ်တစ်ခုရဲ့ ရှင်လန်းစိမ်းထွားခြင်းအကြောင်းပေါ့
ဒါ ကံကြမ္မာလား
ငါ မယုံဘူး ဘဒ္ဒါ …
အဲဒီ အရိုးတန်းလန်းနဲ့ တောအုပ်ထဲမှာ
မင်းရဲ့ပွင့်ကြွေရွက်ဖြုတ် ဂီတက
အခုချိန်ထိ စီးလွင့်နေတုန်းပဲ …
မင်းကြားရသလား ဘဒ္ဒါ …
ဝတ်ဆံတွေ လူးလိမ့်ကြွေကျသံကို နားထောင်ရင်း
အဲဒီ လမ်းအတိုင်းလျှောက်သွားပါ
စိတ်မကောင်းမဖြစ်ပါနဲ့
မင်းလျှောက်ဖို့ကြွေတယ်လို့မှတ်ပါ
အဲဒီအတိုင်းမှတ်ပါ
အဲဒီအတိုင်းလျှောက်ပါ … ဘဒ္ဒါ
မင်းအတွက်မလုံလောက်သေးဘူးဆိုရင်
သံသရာမှာပွင့်မယ့်ပန်းတွေကိုပါ
ငါခင်းပေးပါ့မယ်
ဘဒ္ဒါ …
ငါကမင်းရဲ့ မိုးလေ၀သမှာ
အကြိမ်ကြိမ်မိုးခေါင်ခဲ့ရတဲ့ မိုးကာတစ်ထည်ပါ
ငါ့အတွက်ကတော့
ခေါ်မရခဲ့တဲ့ဖုန်းနံပါတ်ဟာ
မင်းနာမည်ပါပဲ
ဒိုင်ယာရီထဲမှာ ငါသိမ်းထားမယ်
မင်းရဲ့ဘယ်ဖက်လက်ထဲမှာ
ငါ့ဝိညာဉ်တည်ခြင်းအားဖြင့်
ငါ့ကိုတစ်ပါးသူတို့ ပြက်ရယ်ပြုပါစေ
ထိုသို့အားဖြင့် ငါ့ကိုငြိမ်းသတ်ခွင့်ပေးပါ ဘဒ္ဒါ
ထိုသို့အားဖြင့်
ဆူးစူးခံခဲ့ရသော နှင်းဆီတစ်ပွင့်အကြောင်း
လောက သိ၊ ကြားပါစေ
“ည” က အမှောင်ကိုဖားလျားချရင်း
ငုတ်တုတ်ထိုင်နေတယ်
လရောင်ဟာ ညရဲ့ရင်ဘတ်မှာ
စူးနစ်မြုပ်ကျွံလို့
ငါ့ရှေ့ကလမ်းမကြီးကတော့
တစ္ဆေတစ်ကောင်ရဲ့ လျှာကိုဖြန့်ခင်းထားသလိုပဲ
ငါသွားမယ် ဘဒ္ဒါ
ငါကျောခိုင်းတာ မဟုတ်ပါဘူး
အောက်တိုဘာ ၈ရက်ရဲ့ စာမျက်နှာကို ဖွင့်ကြည့်ပါ
နှင်းဆီ ရုပ်ကြွင်းတစ်ခုမင်းတွေ့လိမ့်မယ်
ဘဒ္ဒါ …
မင်းရဲ့အောင်နိုင်ခြင်းအလံကို
ငါ့နှလုံးသားတည့်တည့်မှာစိုက်ပြီး
တံပိုးခရာမှုတ်၍
ကျေးကျွန်ဖြစ်ကြောင်းကြေညာပါ
ဘဒ္ဒါ
ထိုသို့အားဖြင့် ငြိမ်းချမ်းပါလေ
ငါသွားမယ် ဘဒ္ဒါ
ငြိမ်းချမ်းပါလေ …
ဘဒ္ဒါ …
ငါဟာ နွေရာသီဖြစ်တယ်
မိုးမမြင် လေမမြင် ပူလောင်လို့
ငါဟာ …
နွေရာသီဖြစ်တယ် ။ ။
ရေတိမ်မှာပျော်တဲ့
အရှက်တရားဖောင်းပွမှုတွေ
ကိုယ်ကျင့်တရားကို ခါးကကိုင်ပြီး
သွားကြားထိုးကြပြီ
( ကမ္ဘာကြီးနှင့် လမ်းလျှောက်အတူထွက်ဖို့
တာယာဖိနပ် တစ်ရံပေးပါ )
ငါ အဲဒီလိုပဲ
အိပ်နေလိုက်ချင်တော့တယ်
သူတို့ အဲဒီအစွန်းအနားမှာပဲ နေကြပါစေ
သူတို့အတွက်နေမင်းကိုပေးမလင်းတော့ဘူး
လူဖြစ်ကြောင်းသေချာသလားလို့
ကဗျာတစ်ပုဒ်ရေးပါတယ်
သံသယတွေက မိုးလိုရွာတယ်
တော်ပြီ ။ ။
ငါက နားလည်မှုတွေကိုထောင်ဖမ်းဖို့
လမင်းကိုပွင့်ချပ်တွေနဲ့ဖုံးထားခဲ့မိတာပါ
နောက်ဆုံးတော့ မျက်ရည်လူးထားတဲ့နာကျည်းမှုတွေသာစူးနစ်
ငါ့လက်တွေကမင်းရဲ့ညနေခင်းမှာ
တိတိရိရိအဖြတ်ခံလိုက်ရပြီ
ကိုယ်တိုင်မတီးနိုင်ပေမယ့်
လက်ခုပ်သံတွေငါကြားနေရတယ်
ကောင်မလေး
အဲဒီလက်ခုပ်သံတွေက ငါတို့နှစ်ယောက်ကြား
မနေ့ကမှဖြတ်စီးသွားတဲ့မြစ်လေ
မင်းရဲ့တစ်နေ့ကအထိနားလည်မှုတွေဟာ
ဘယ်နေရာမှာရေမျောကမ်းတင်နေမလဲ
ငါကတော့ပတ်ဝန်းကျင်ရဲ့အလိုအရ
ကမ်းပြိုနေရတယ်
တစ်နေ့တခြားပိုပိုဝေးလာသလိုပဲ
စူးတယ် ... ။ ။
ရတတ်သမျှ စကားလုံးအကောင်းစား (ထင်ရတာပဲ)တွေနဲ့
တစ်ထီးတစ်နန်းဆန်နေရတာ မောတယ်
ဆန်နေရတာ လေလား၊ ရေလား၊ ကဗျာလား
(တချို့ကဗျာတွေရဲ့ အပေါစားဆန်ပုံ ဒီမှာကျွန်တော်ပြောမယ်
ကျွန်တော်တတ်သလောက်ဟာ ကျွန်တော်
မှတ်ထားသလောက်သာဖြစ်ပါတယ်) ရိုးသား
စမ်းပါ … ထိမိတာတွေ တွေ့မိတာတွေ စမ်းပါ
ဆန်းပါ လိပ်စာတပ်မထားတဲ့ ခေါင်းစဉ်ပဲ
ကြိုက်ရာလမ်းကိုသာရွေး ကိုယ့်ဖာသာကိုယ်
ဘီယာတစ်ဗူးထက်ပိုမူးနေလိုက်တာများ
မင်းပြောမှလားတဲ့
သော့နဲ့သော့ခလောက်ဟာ ရိုးသားတဲ့လက်အတွက်မဟုတ်
ဘူးဆိုတာ ကဗျာဟာ(အတင်းကြီး) ကမ္ဘာဆန်ပြနေရအောင်
သူက ဖန်ဆင်းရှင်လက်ထဲက ထွက်ကျလာတာမဟုတ်ဘူးလေ
ဟုတ်တယ် … ဟုတ်တယ်
ဖန်တီးသူရဲ့ အတွင်းသား(စစ်စစ်)
အတွင်းကရိုးသားခြင်းဟာ ကဗျာ
ဆိုတာ ဘာတွေခြစ်ထားမှန်းမသိရလောက်အောင်ကို
မင်း ရိုးသားကြည့်လိုက် ဦးနှောက်ထဲမှာ
အမှိုက်တွေ … အမှိုက်ပစ်ဦးမလား
အမှိုက်တွေ … အမှိုက်တွေ
အမှိုက်တွေ …။ ။
ငါ့စိတ်က …
တစ်စုံတစ်ခုကို အမြဲတမ်းလိုအပ်နေတယ်
ငွေရောင်နာရီ၊ သူမရဲ့အလျှော့ပေးဆက်ဆံမှု
အလုပ်မလုပ်ပဲ ထမင်းစားနိုင်ခွင့်အပြင်
အိန်ဂျလီနာဂျိုလီနဲ့ ရင်းနှီးခွင့်ပါ လိုချင်ရဲ့
ဆုတောင်းတိုင်းပါ ပြည့်မယ်ဆိုရင်
ဖောက်သမျှကံစမ်းမဲတွေအတွက် ကံထူးသူ
အမေရိကန်ဗီဇာ၊ အမ်းမရိတ်မှာ ဘောလုံးပွဲကြည့်ခွင့်
ကမ်းခြေတစ်ခုမှာ ဘီယာထိုင်စုပ်ရင်း
လှိုင်းမူးနေတဲ့ ရော့(ခ်)သီချင်းတွေကိုမြည်းမှာပေါ့
အဟား …
ဆန္ဒတွေအတွက် ငါ ပေါ့ပါးသွက်လက်နေလိုက်တာ
ဆန္ဒတွေအတွက် ငါ လက်ရဲဇက်ရဲနိုင်နေလိုက်တာ
မျက်စိရှေ့က ပန်းခင်းကိုလည်း
နှုတ်ပစ်ဖို့ဝန်မလေးခဲ့ဘူး
မျက်နှာသစ်ပြီးစ နေရောင်ခြည်ကိုလည်း
အဆိပ်ခပ်ဖို့ ၀န်မလေးခဲ့ဘူး
ဖြစ်ချင်တော့ …
အဲဒီကောင်ကပဲ
အိုဇုန်းလွှာပေါက်ပြဲမှုကို
ကမ္ဘာကြီးပူနွေးလာမှုကို
လမ်းမီးတိုင်အောက်က ညဥ့်သမတွေရဲ့ ၀မ်းစာကို
မုန်တိုင်းရဲ့ ရွေ့လျားရာလမ်းကြောင်းကို
သူမကိုယ်ဝန်ဆောင်နိုင် မဆောင်နိုင်ကို
ဒီရေတောပြန်လည်စိုက်ပျိုးရေးကို
အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကို
စီးပွားပျက်ကပ်နဲ့ အိုဘားမားရဲ့ ပေါ်လစီကို
သောက်ရေအိုးအဖုံးကို မရင်း
ရေအခပ်မှာ
စိုးရိမ်စိတ် ၀င်ခဲ့မိသေးတယ်
ဟုတ်ပါတယ် …
အဲဒီကောင်က
ဘာသာတရားမကိုင်းရှိုင်းပေမယ့် …
သီလမမြဲပေမယ့် …
သူ့အဇ္ဈတ္တကိုတော့ ပီပီသသ
သီချင်းလုပ်ဆိုတတ်ပါတယ်
အခုလည်းကြည့်လေ
သူက
လမ်းဘေးမှာ
သစ်ပင်တွေစိုက်လို့
ကွက်လပ်တွေကို တတ်နိုင်သလောက်ဖြည့်ရင်း
ကမ္ဘာကြီးရဲ့ အစိမ်းရောင်ဝတ်ရုံကို
သဘာဝတေးတစ်ပုဒ်နဲ့
ဖာထေးဖို့ကြိုးစားနေရဲ့
ဒီတစ်ခါလည်း
ဆန္ဒတွေအတွက်
ငါ …
ဟုတ်တိပတ်တိနိုင်နေလိုက်တာ …။ ။