ကဗျာကတော့စပါပြီ
နမောတဿ သုံးကြိမ်ရွတ်ရန်မလိုပါ
မဖွယ်မရာ စကားလုံးလှလှများဖြင့်
ကြိတ်လှီးမည်ဖြစ်ပါသည်
နားမခံသာသူများ နားနိုင်ကြပါပြီ
လကမ္ဘာပေါ်ရေရှာနေချိန်မှာ
မုန်တိုင်းအောက်က မြို့လေးဟာ
ရေတွေကြီးလို့ …
နေကိုမမြင်ရဘူး
လကိုမမြင်ရဘူး
ဆိုးဆိုးရွားရွား … ဆိုးဝါး
အနာဂတ်ကိုလည်းမမြင်ရဘူး
ငါတို့အပေါ်ကိုဖုံးနေတာ
ဘယ်သူ့အရိပ်လဲ …
ဘယ်သူလဲ …
ဘယ်ဝါလဲ …
ဘယ်လိုသတ္တ၀ါလဲ …
ချီးတဲ့မှပဲ …
ဘယ်သူ့ကို ပသရမလဲ
ဘယ်သူက မစမှာလဲ
ဘာကိုမျှော်နေမိမှန်းကိုမသိတော့ဘူး
ခပ်ရိုင်းရိုင်းနှိုင်းရရင်
ခင်ဗျားတို့အခမ်းအနားက လက်ခုပ်သံဟာ
ကျုပ်ဗိုက်ထဲက တကြုတ်ကြုတ်မြည်သံလောက်
မကျယ်နိုင်ပါဘူး
အဲဒီလိုပါပဲ
ဘ၀ဆိုတာ ကိုယ်ကြုံမှကိုယ်သိ
ဘယ်ငတိကမှ ၀င်ကြည့်ပေးလို့မရဘူး
ညနေစောင်းဟာ ခွာသံတဖြောင်းဖြောင်းနဲ့ …
သုရာမေဒယကို ဖန်ခွက်ထဲလောင်းထည့်
ကတိုက်ကရိုက်မော့ချလိုက်တယ်
အူမထဲထိ ပူလောင်လို့ …
တစ်ကိုယ်လုံးလန်းဆန်းသွား
အိမ်အပြန်ခြေလှမ်းများ သွက်လာ …
အိမ်အပြန်ခြေလှမ်းများ …
သေချင်းဆိုးချိုင့်ခွက်များအားနင်း
ရဲရဲတင်းတင်း … ရဲတင်း
“ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို
ညအသစ်ကို ကြိုဆိုလိုက်တယ်။ ။
0 comments:
Post a Comment