ကြိုး

ဒုလ္လဘအလံ လွှင့်ထားတဲ့
ခန္ဓာထဲ …
အာရုံခြောက်ပါး အပြိုင်းအရိုင်းပေါက်ရောက်ကြ
ယားယံလွန်းလှရဲ့

အသွေးအသားအကြောတွေ ရုန်းကြွ …
ဖျတ်ကနဲ ဖျတ်ကနဲရွေ့လျား …
အာခေါင်တွေ ခြောက်လာ …
ဇောချွေးပြန်ရ …
အသက်ပြင်းပြင်းရှူရ …
မိန်းမော …
တွေဝေ …
ဆန္ဒတွေရဲ့ ဆွဲဆွဲငင်ငင်အူသံမှာ
နက်သထက် နက်နေရတဲ့ တွင်းတစ်တွင်းပေါ့

အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို ကျောခိုင်းပြီး …
မာနတွေ ရေလောင်းပေါင်းသင်ပြီး …
လက်သည်းတွေ ရှည်သထက် ရှည်လာပြီး …
မျက်လုံးတွေ နီသထက် နီလာပြီး …
အစွယ်တွေ ချွန်သထက် ချွန်မြလာပြီး …
ဆာလောင်သထက် ဆာလောင်လာပြီး …
ဘဝတစ်ပါးကူးပြောင်းပြီး …
အသစ်တစ်ဖန် မွေးဖွားပြီး …
အသစ်တစ်ဖန် ရေလောင်းပေါင်းသင်ပြီး …
အသစ်တစ်ဖန် ရှည်သထက် ရှည်လာပြီး …
အသစ်တစ်ဖန် နီသထက် နီလာပြီး …
အသစ်တစ်ဖန် ချွန်မြလာပြီး …
အသစ်တစ်ဖန် အာသာငမ်းငမ်းဖြစ်ပြီး …

ထိလိုက် …
ငြိလိုက် …
တုပ်နှောင်လိုက်နဲ့
ကိုယ့်ကိုယ်ကိုယ် ဖြေဖို့မကြိုးစားနိုင်တဲ့
ကြိုးတစ်ထုံးပေါ့။ ။

0 comments:

Post a Comment