ကျွန်တော်၏ သူစိမ်းတရံစာဖြစ်သော

မင်းရဲ့ ဆံနွယ်အခတ်မှာ
အသက်ငင်နေရတဲ့ အိပ်မက်တွေပါ
အလူးအလဲပဲ …
ပြုစားတတ်လွန်းတဲ့ ဆံစတိုတိုရယ်
ငြိမိနေတဲ့ စိတ်က
ကိုယ့်ရင်ခုန်သံကိုယ်ထိန်းဖို့
သတင်းမပို့နိုင်ရှာဘူး
ခက်ပြီ …

သံသရာအဆက်ဆက်
ကမ္ဘာအဆက်ဆက်
တရှိုက်မက်မက် ဆက်မက်ခွင့်ပြုပါ
ကျွတ်တမ်းမ၀င်နိုင်တဲ့ နှလုံးသားက
ရင့်ရင့်ရဲရဲ … ဆာလောင်တယ်

မင်းသိမှာ မဟုတ်ပါဘူး
ငါ့ဝိဉာဉ်က မင်းဆံစမှာ တွဲလွဲခိုနေရတာ
ပျော်တယ်
ဒါ …
မင်းဘယ်တော့မှ သိရမှာ မဟုတ်ပေဘူး
ငါ …
အဲဒီလိုပဲ
ခပ်စိမ်းစိမ်းရူးတယ်
ငါ့ရဲ့ သူစိမ်းတရံစာ ဆံနွယ် …

အသစ်တစ်ဖန် ဖြစ်ခွင့်ရခဲ့ရင်ပေါ့
ငါ့ရိုးတံကိုဖြတ်
ငါ့ဆူးတွေကိုသပ် (ရှိခဲ့မယ်ဆိုရင်)
ခဏလောက်ဖြစ်ဖြစ် … ပန်ပါ
ထိုကဲ့သို့လည်း
ငါ့အသက်ကိုထပ် …
ဖြတ်သန်းခွင့်ရချင်တယ်

မင်းအတွက်ဆိုရင်
ကံသုံးပါးစလုံးနဲ့
ညွှတ်ချင်နေတဲ့
ဥယျာဉ် တစ်ခုပါ
ငါ့ရဲ့  …
သူစိမ်းတရံစာဆံနွယ် … ။    ။

0 comments:

Post a Comment