အပိုင်း တစ် (သို့) နိဂုံး

အရောင်မဲ့နေ့။
ဆေးရုံကုတင်တစ်လုံး။
စီဒီအကျိုးတစ်ချပ်။
မပွင့်တပွင့်အပြုံး။
အခန်းနံပါတ် 505။
ဒဏ်ရာဗရပွနဲ့နာရီ။
သောကမျက်နှာများ။
မိုးရာသီရဲ့ဝမ်းတွင်းကနွေတစ်ရာသီ။
ခေါ်မရခဲ့သော ဖုန်းနံပါတ်များ။
လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းတစ်ယောက်။
ကဗျာစာအုပ်တစ်အုပ်။
နာရေးကြော်ငြာ။
သူမတစ်ရေးနိုးချိန်။
မြန်မာတိုင်း(မ်)သတင်းစာ။
ထွေးခံတစ်လုံး။
ဓာတ်လှေကားတွေခုန်ပေါက်။
ရယ်သံများ။
အရာအားလုံးကိုကြည်ကြည်လင်လင်။
ကိုယ့်ကိုယ်ကိုပျောက်ဆုံး။
အင်္ဂလိပ်သီချင်းငါးပုဒ်။
ကြည်နူး။
လက်သည်းများရဲ့အဆိပ်။
စိတ်ငြိမ်ငြိမ်ထားရန်။
ကားမှတ်တိုင်။
အရုပ်တစ်ရုပ် သို့မဟုတ် ဓားပါးပါးတစ်လက်။
သနပ်ခါးလိမ်းထားသော စက်ရုံထွက်ပန်းတစ်ပွင့်။
မျက်ဝန်းများ။
ကော်ဖီပျစ်ပျစ်တစ်ခွက်။
မွေးနေ့ဆုတောင်းမပေးခဲ့မိ။
ဒိုင်ယာရီအဖွင့်။
ကဗျာတစ်ပုဒ်။
ဘီယာခွက်များ။
သွေးအလိမ်းလိမ်းနှင့်ချစ်ခြင်းမေတ္တာ။
တံခါးဖွင့်သံ။
မာယာတွေစာတစ်မျက်နှာအပြည့်။

သူမဖြားယောင်းခဲ့သလား
သေသေချာချာမသိ၍
ကိုယ့်ကိုယ်ကိုဖြားယောင်းပြီး
ထိုတစ်ညအိပ်ဖြစ်ဖို့ရန်
နိုးစက်ကိုဖွင့်ထားလိုက်သည်။
ဘတ်(စ်)ကားများတစ်စီးပြီးတစ်စီး။
ကျွန်တော် ကားပေါ်မှာလား။
မှတ်တိုင်မှာလား။
ရုပ်ရှင်ရုံထဲမှာလား။
သူမအနားမှာလား။
ဝတ္ထုစာအုပ်ထဲမှာလား။
အ၀တ်ဗီရိုထဲမှာလား။
မသိ၍ ခြေပစ်လက်ပစ်ဖြစ်နေသော လမင်းကို
ဧည့်ခန်းတွင်ချိတ်ထားလိုက်သည်။
ဖိနပ်စီးမလာသော သစ္စာတရားအား
ခြေသုတ်ခုံပေးရန် ကျွန်တော်ပျင်းကြောင်း
လုံခြုံရေးကောင်စီမှ မကြေညာပါ။
ကျွန်တော့်အိပ်ကပ်ထဲတွင် ပိုက်ဆံတစ်ပြားမှမရှိသော်လည်း
သူမကိုချစ်သည်ဟု
အိပ်ကပ်ထဲတွင်
စကားလုံးများ အပြည့်ရှိသည်ကို
သံသယမရှိစေရန်
မေ့ပစ်လိုက်ဟု
ပြေရာပြေကြောင်း
ကျွန်တော့်နှလုံးသားတည့်တည့်တွင်
သီချင်းတစ်ပုဒ် ကြိုးဆွဲချသေဆုံးပုံအား
လင်ငယ်နေသော မေတ္တာတရားကို ကိုးကား၍
ရှုတ်ချရန် မရည်ရွယ်မိပါဟု
ရည်ရွယ်ကာ သူမကိုချစ်သည်။

ခရေပင်များ။
ပိတောက်ပင်များ။
ကင်တင်း(န်)ထဲမှ စားသောက်ဖွယ်ရနံ့တွေ ပေကျံနေတဲ့
သီချင်းသံ ခုန်ခုန်ထွက်လာသည်။
သူမပြုံးပြရင်း ကျွန်တော်ဆေးလိပ်သောက်နေသည်။
ဘတ်(စ်)ကားသည် လိုအပ်တာထက်ပိုကျပ်ကြောင်း
ငယ်ငယ်တုန်းက မသိသော်လည်း
ကျွန်တော်ကျပ်နေသည်။
နှုတ်ခမ်းကိုကိုက်ထားသော သွားများအား
ဖြည်းဖြည်းကိုက်ရန် သတိမပေးမိမှန်း
ကျွန်တော်ဆံပင်ညှပ်သောညတွင်
သတိမရကြောင်း ပြောချင်သည်ကို
သတိမရပါ။

သူမတံခါးဖွင့်ဝင်လာသော်လည်း
ကျွန်တော်ထိုင်နေသည်ကို မြင်နေရသည်။
ဆင်ခြေဆင်လက်များသော ညနေခင်းတွင်
အသည်းကွဲနေသည်ဟူသော စကားလုံးအား
ဈေးကြီးပေး၍၀ယ်ထားလိုက်သည်။
အချစ်နှင့်အမုန်း နယ်နိမိတ်တွင်
နာကျင်မှုသစ်ပင်အား သူမစိုက်သည်။
အပွင့်မပွင့်။
အသီးမသီး။
ဆေးဖက်လည်းမ၀င်ပါ။
နာကျင်ခြင်းသက်သက် ပေါက်ရောက်သည်။
ထို့နောက် ထွက်သွား သို့မဟုတ် ပြန်သွားသည်။
အနေအထိုင်မတတ်သော နှလုံးသားသည်
တစ်ဘ၀စာ ဒဏ်ရာများ
ဝမ်းစာဖူလုံသွားခဲ့ပြီ။
ထိုနေ့သည် မည်သည့်နေ့မှန်း
ကျွန်တော်သေသေချာချာ မမှတ်မိပါ။
ချစ်ခြင်းမေတ္တာအား မြင့်မြတ်သောတစ်နေရာတွင်
ထားလိုက်သည်။
ကျွန်တော်၏ ရင်နှစ်သည်းချာ မာနများအား
တွေ့ရှိက အကြောင်းကြားစေချင်ပါသည်။
ကျေးဇူးဆပ်ပါမည်။

0 comments:

Post a Comment