ဘဝ

နာရီနဲ့ယက်လုပ်ထားတဲ့
တစ်ခါသုံးနေ့ညတွေ
တဖျတ်ဖျတ် သက်တမ်းကုန်တယ်
ကိုယ်တိုင်က ...
ပြက္ခဒိန် ဘယ်နှစ်ခုစာ သက်တမ်းကုန်ခဲ့ပြီလဲ
ပြက္ခဒိန် ဘယ်နှစ်ခုစာ တွေဝေခဲ့ပြီးပြီလဲ

ဘယ်လိုမှ ရုန်းမရလို့
ညဟာမှောင်လိုက်ရသလို
ဒုက္ခတွေကို ခရီးဦးကြိုပြု
စက္ကန့်သံတချက်ချက်ကြားမှာ
ဇောချွေးဘယ်နှစ်ခါပျံခဲ့ရသလဲ
ကိုယ့်ကိုယ်ကိုမေးနေတုန်း
ချစ်သူရဲ့ရယ်သံပြန်အကြားမှာ
ဘ၀ကိုပိုမိုတွယ်ငြိဖြစ်လာပြန်တယ်

နောက်ဆုံးတော့ ...
အဲဒီအရာတွေကိုပဲ
ပျော်ရွှင်မှုလို့သတ်မှတ်လိုက်ရတော့တာ။ ။

0 comments:

Post a Comment