ဆပ်ပြာပူဖောင်း

နေညိုပြီ
ဆိုလက်စတေးသွားက တိခနဲရပ်တန့်သွားတယ်
ဒီခန္ဓာပါးပါးလေးနဲ့ တွယ်ငြိမိတာက
ဆူးပင်တွေလေ …
ဘယ်သူမှမကြားလိုက်ဘူး မဟုတ်လား
အားလုံးအတွက်တော့ ပေါ့ပေါ့ပါးပါးပါပဲ
ငါကတော့ ဘ၀တစ်ခုလုံး
ပျောက်ဆုံးခဲ့ရတယ် ။ ။

ခေါင်းစဉ်မတပ်တတ်ဘူးဗျာ .. တစ်ကယ်

လရောင်သည်ညင်ညင်သာသာအေးနေသည်။ အဆိပ်လူးထားသောနှုတ်ခမ်းတစ်စုံ မ ထံတွင်ရှိနေပါသလား။ ညနှင့်အတူနှင်းဆီသည်တိတ်တဆိတ်ပွင့်လျှက်ရှိသည်။ မထူးဆန်းပါ။ ကဗျာသည် ကဗျာဖြစ်၍ မသည်လည်းကဗျာဖြစ်သည်။ အချိန်သည်ရွေ့လျားနေသည်။ ကျွန်တော်တို့သည် ရွေ့လျားမနေကြပါ။ သို့သော်ကျွန်တော်တို့သည် တည်တံ့နေခြင်း မဟုတ်ကြပါ။

အချစ်ဆိုသည်ကို ကျွန်တော်မယုံပါ။ နားလည်းမလည်ပါ။ ကဗျာများ ရင်ဘတ် နှင့်အပြည့်ရှိပါသည်။ သံချောင်းခေါက်သံသည် ခါတိုင်းထက်ငိုက်မြည်းနေသည်။ မသည် ညှို့အားပြင်းသော်လည်း မလှပါ။ တိတ်ဆိတ်နေသော ရင်ဘတ်ကြီးသည် ကဗျာတစ်ပုဒ်အား ထပ်တလဲလဲရွတ်ဆိုနေသည်။ ကဗျာသည် လှရန်မလိုပါ။

လွန်ခဲ့သော သုံးရက်က ဘုရားဖူး သွားသူများ ဒီကနေ့ပြန်ရောက်မည်ဖြစ်သည်။ အဲဒီနှုတ်ခမ်းများအား ကျွန်တော်နမ်းကြည့် ချင်ပါသည်။ ဖြစ်နိုင်မည်ဆိုပါလျှင် ကျွန်တော်နောက်ပြန်လမ်းလျှောက် ချင်ပါသည်။ မည်သူ အဖော်လိုက်လိုပါသနည်း။

ကျွန်တော်တို့သည် အတူတကွရှင်သန်နေကြသည်။ သို့ကြောင့် မနှင့်ကျွန်တော်သည် အတူတကွနေထိုင်ရန် မလိုအပ်ပါ။ ဗီးနပ်(စ်)လှစ်ပြသော ၀တ်ရုံကြားတွင် အာဒံ၏ဒုတိယ မြောက်နံရိုးတစ်ချောင်းရှိနေသည်။ ဧ၀စားခဲ့သော ပန်းသီး၏မျိုးဆက်သည် အဘယ်နေရာတွင် ပေါက်ရောက်လျှက်ရှိသနည်း။ အမှန်တရားသည် အဆိပ်ခွက်အားလည်းသောက်ရန်အသင့် ရှိနေသည်။ အချစ်ဆိုတာကို မတစ်ယောက်မည်ကဲ့သို့နားလည်မှန်း ကျွန်တော်မသိပေ။ သိစရာလိုမည်ဟုလည်း ကျွန်တော်မထင်ခဲ့ပါ။ ကျွန်တော်ဟာ စီးဆင်းမှု ဆိုလျှင် မသည်မြစ်ကျဉ်းတစ်ခုဖြစ်လိမ့်မည်။ ထို့ကြောင့်ကျွန်တော်နောက်ပြန်လမ်းလျှောက် ပါမည်။ သံလိုက်အိမ်မြှောင်မလိုကြောင်းကိုတော့ ကြိုပြောထားပါရစေ။ မည်သူအတူ  လျှောက်လို ပါသနည်း။

ကဗျာသည် ခံစားမှုဖြစ်သည်။ ခံစားမှုသည် အမှန်တရားမဖြစ်နိုင်ပါ။ သို့သော် ကဗျာသည်အမှန်တရားဖြစ်ပါသည်။ လမ်းပေါ်တွင်အရူးမတစ်ယောက်အိပ်စက် နေသည်။ ကျွန်တော်တို့အားလုံးသည် အိပ်ယာတစ်ခုတည်းတွင်သီးခြားစီအိပ်ကြသည်။ ဆန္ဒများ မြို့လယ်ခေါင်တွင်ရောင်းဝယ်နေကြသည်။ ကွန်ပျူတာသည်လျှပ်စစ်မီးမရှိလျှင်သုံးမရ ဖြစ်မည်။ ကျွန်တော်သည် မည်သည့်လိုအပ်ချက်ကြောင့်သုံးမရဖြစ်နေသနည်း။ သို့ရာတွင် ကျွန်တော်နောက်ပြန်လမ်းလျှောက်တတ်ပြီဖြစ်သည်။

အသံများသည်တစ်ခုနှင့်တစ်ခု တွန်းထိုးပွတ်သပ်လျှက်ရှိသည်။ ၀ါးရုံပင်ကြားမှ လရောင်သည် နတ်သမီးတစ်ပါးလိုနုရွနေသည်။ အိပ်မက်တွေတုန်ရီနေကြပြီ။ ကျွန်တော့် အကြိုက်တွေထဲမှာ ဂျိုလီရဲ့နှုတ်ခမ်းတစ်စုံဟာ သေသေချာချာပါဝင်ပါတယ်။ မနက်ဖြန်ကို ကျွန်တော်တို့မေ့ထားကြပါစို့။

အိမ်ဘေးမှကလေးငိုသံကြားရတယ်။ သံလွင်ခက်တစ်ခက် တည်းနဲ့တော့ ငြိမ်းချမ်းရေးကို အပြည့်အ၀အဓိပ္ပါယ်ဖွင့်နိုင်လိမ့်မယ်မဟုတ်ဘူး။ ခေါ်သံတစ်ခု ကြားလိုက်မိရဲ့။ ဟိုအဒေါ်ကြီးဝေနေတဲ့အမျှတွေက ကုသိုလ်တွေလား အကုသိုလ်တွေလား။

အလွမ်းတွေ တောင်ပံခတ်တိုင်း စကြ၀ဠာတစ်ခုလုံး မီးဟုန်းဟုန်းတောက်တယ်။

အလွမ်းတွေ တောင်ပံခတ်တိုင်း စကြ၀ဠာတစ်ခုလုံး မီးဟုန်းဟုန်းတောက်တယ်။

အလွမ်းတွေ တောင်ပံခတ်တိုင်း စကြ၀ဠာတစ်ခုလုံး မီးဟုန်းဟုန်းတောက်တယ်။

အာရုံတွေေ၀၀ါးနေကြပြီ။ မနက်ဖြန်သည် ယနေ့ကိုဝါးမြိုသွားလိမ့်မည်။ သင်တို့ ၀မ်းမနည်းလေနှင့်။ ကျွန်တော့်တွင် ရင်ဘတ်ကြီးနှင့်အပြည့် ကဗျာများရှိပါသည်။ မသည် ကျွန်တော့်အတွက် မူးယစ်ရီဝေသော ညနေတစ်ခုဖြစ်ပါသည်။ လွင်ပြင်ကြီးတစ်ခု ကျွန်တော့် ရှေ့တွင်ဝပ်စင်းနေသည်။ ထိုလွင်ပြင် ကိုကော ကျွန်တော်ဖြတ်ရဦးမည်လား။ အရာ အားလုံးသည် မရေရာပါ။ နေ့ညတို့သည် လည်းမရေရာပါ။

ဒီကနေ့အားသေသေချာချာထုပ်ပိုးပေးပါ။ မနက်ဖြန်အားကျွန်တော်ကြတ်ခြေခတ် သည်။ စိတ်မကောင်းမဖြစ်ပါနှင့်။ ကျွန်တော်သာဓု ခေါ်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် … ကျွန်တော်က ဘ၀ဆိုတာ အပေါင်းအနှုတ်လောက်တတ်ရင်ပဲ …
နေ
ပျော်
ပြီ
ထင်
နေ
တာ။

 

ကျွန်တော်၏ သူစိမ်းတရံစာဖြစ်သော

မင်းရဲ့ ဆံနွယ်အခတ်မှာ
အသက်ငင်နေရတဲ့ အိပ်မက်တွေပါ
အလူးအလဲပဲ …
ပြုစားတတ်လွန်းတဲ့ ဆံစတိုတိုရယ်
ငြိမိနေတဲ့ စိတ်က
ကိုယ့်ရင်ခုန်သံကိုယ်ထိန်းဖို့
သတင်းမပို့နိုင်ရှာဘူး
ခက်ပြီ …

သံသရာအဆက်ဆက်
ကမ္ဘာအဆက်ဆက်
တရှိုက်မက်မက် ဆက်မက်ခွင့်ပြုပါ
ကျွတ်တမ်းမ၀င်နိုင်တဲ့ နှလုံးသားက
ရင့်ရင့်ရဲရဲ … ဆာလောင်တယ်

မင်းသိမှာ မဟုတ်ပါဘူး
ငါ့ဝိဉာဉ်က မင်းဆံစမှာ တွဲလွဲခိုနေရတာ
ပျော်တယ်
ဒါ …
မင်းဘယ်တော့မှ သိရမှာ မဟုတ်ပေဘူး
ငါ …
အဲဒီလိုပဲ
ခပ်စိမ်းစိမ်းရူးတယ်
ငါ့ရဲ့ သူစိမ်းတရံစာ ဆံနွယ် …

အသစ်တစ်ဖန် ဖြစ်ခွင့်ရခဲ့ရင်ပေါ့
ငါ့ရိုးတံကိုဖြတ်
ငါ့ဆူးတွေကိုသပ် (ရှိခဲ့မယ်ဆိုရင်)
ခဏလောက်ဖြစ်ဖြစ် … ပန်ပါ
ထိုကဲ့သို့လည်း
ငါ့အသက်ကိုထပ် …
ဖြတ်သန်းခွင့်ရချင်တယ်

မင်းအတွက်ဆိုရင်
ကံသုံးပါးစလုံးနဲ့
ညွှတ်ချင်နေတဲ့
ဥယျာဉ် တစ်ခုပါ
ငါ့ရဲ့  …
သူစိမ်းတရံစာဆံနွယ် … ။    ။

ကြိုး

ဒုလ္လဘအလံ လွှင့်ထားတဲ့
ခန္ဓာထဲ …
အာရုံခြောက်ပါး အပြိုင်းအရိုင်းပေါက်ရောက်ကြ
ယားယံလွန်းလှရဲ့

အသွေးအသားအကြောတွေ ရုန်းကြွ …
ဖျတ်ကနဲ ဖျတ်ကနဲရွေ့လျား …
အာခေါင်တွေ ခြောက်လာ …
ဇောချွေးပြန်ရ …
အသက်ပြင်းပြင်းရှူရ …
မိန်းမော …
တွေဝေ …
ဆန္ဒတွေရဲ့ ဆွဲဆွဲငင်ငင်အူသံမှာ
နက်သထက် နက်နေရတဲ့ တွင်းတစ်တွင်းပေါ့

အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို ကျောခိုင်းပြီး …
မာနတွေ ရေလောင်းပေါင်းသင်ပြီး …
လက်သည်းတွေ ရှည်သထက် ရှည်လာပြီး …
မျက်လုံးတွေ နီသထက် နီလာပြီး …
အစွယ်တွေ ချွန်သထက် ချွန်မြလာပြီး …
ဆာလောင်သထက် ဆာလောင်လာပြီး …
ဘဝတစ်ပါးကူးပြောင်းပြီး …
အသစ်တစ်ဖန် မွေးဖွားပြီး …
အသစ်တစ်ဖန် ရေလောင်းပေါင်းသင်ပြီး …
အသစ်တစ်ဖန် ရှည်သထက် ရှည်လာပြီး …
အသစ်တစ်ဖန် နီသထက် နီလာပြီး …
အသစ်တစ်ဖန် ချွန်မြလာပြီး …
အသစ်တစ်ဖန် အာသာငမ်းငမ်းဖြစ်ပြီး …

ထိလိုက် …
ငြိလိုက် …
တုပ်နှောင်လိုက်နဲ့
ကိုယ့်ကိုယ်ကိုယ် ဖြေဖို့မကြိုးစားနိုင်တဲ့
ကြိုးတစ်ထုံးပေါ့။ ။

တစ်ကိုယ်ရေရွတ်တဲ့ မန္တာန်

ဘ၀ဆိုတာဘာလဲ။ တစ်ခါတစ်ရံ လျှောက်နေတဲ့လမ်းက အဖြူထည်သက်သက်မှောင်တယ်။ အဲဒီလိုအိပ်ယာဝင်ခဲ့တဲ့ညတွေ …။ ကြမ်းပိုးကိုက်ပေါင်းလည်းမနည်းတော့ဘူး။ ငွေမရှိ ကြေးမရှိ … အသပြာမရှိနဲ့ပေါ့။ တစ်လှည့်စီ …။ အုပ်အုပ်ဆိုင်းဆိုင်း …။ ငါ လမ်းချည်းပဲလျှောက်ခဲ့တာပါ။ ဘာကြောင့်များ ငါ့လျှာကအသားမာတက်လာပါလိမ့်။ တစ်နေ့တခြား အာရုံတွေအချိုပေါ့တယ်။ အာသာမပြေဘူး …။ ဆန္ဒတွေမြိုမြိုချရတာ အူယားတယ်။

          ကျွန်တော် မြင်တယ်။ ဆံပင်ဖားလျားနဲ့။ သူ့ကိုယ်သူတော့ အာလူးစားသူပါတဲ့။ ကျွန်တော်က နေကြာပန်းတွေကိုပါ စားပစ်လိုက်တာ သူမသိဘူးထင်ပါရဲ့။ ထားပါ။ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တာပါပဲ။ ဘယ်သူ့ခြေဖ၀ါးတွေက ငါ့ကောင်းကင်လာဖြစ်နေပါလိမ့်။ ဘာပဲဖြစ်ဖြစ် ငါ… ပျံမယ်။

          တွေးမနေနဲ့တော့။ ဤခရီးနီးသလား…။ ကျွန်တော်တကယ်မသိပါ။ အိမ်အပြန်ကားကျပ်မှာကတော့သေချာတယ်။ မြို့က မြို့တစ်မြို့ပီသအောင် ရှုပ်ထွေးတယ်။ ကျွန်တော်ကရော။ လူပီသအောင် ဘာလုပ်ရမှာပါလိမ့်။ မှားရမှာလား။ အခုအချိန်ထိ တစ်ခုမှမမှန်သေးတာကတော့ အသေအချာပဲ။

          ခင်ဗျားတို့ရဲ့လောကနီတိစာအုပ်ကြီးကို ခဏလောက်ဖြစ်ဖြစ်ပိတ်ထားပေးပါလား။ ကျွန်တော်လေဦးလှည့်ရာလွင့်ပါရစေ။ နေမသာလည်းအရေးမကြီးပါဘူး။ ကျွန်တော် အိပ်ရေး၀၀ပဲအိပ်ချင်ခဲ့တာပါ။ ကောင်လေးကောက်ပေးတဲ့ခရေပန်းကို ကောင်မလေးကနမ်းတယ်။ ကျွန်တော်ကောက်ယူခဲ့တဲ့မှားယွင်းမှုတွေအတွက် မည်သည့်တစ်စုံတစ်ယောက်ကများ………။ (အမှန်တကယ်ဆို မည်သည့်တစ်စုံတစ်ယောက်မျှမလိုအပ်ပါ)

          ဘ၀ဆိုတာ ဘာလဲ။ ကျွန်တော်တကယ်မသိသေးပါ။ တစ်ခါတစ်ရံ ဘီလူးဆိုင်းသံကြားရတတ်ပါသည်။ တစ်ခါတစ်ရံတွင် အပျိုမတစ်ယောက်လို အရှက်ကြီးနေတတ်ပြန်သေးသည်။ တစ်ခါတစ်ရံတွင် ၀ံပုလွေမျက်ဝန်းလိုသွေးဆာနေတတ်ပြန်သည်။ ထို့ထက်ပို၍ကျွန်တော်မရှင်းပြတတ်ပါ။ ထို့ထက်ပို၍လည်းကျွန်တော်နားမလည်ပါ။ ထို့ကြောင့်ထို့ထက်ပို၍ကျွန်တော်သိလိုပါသည်။ ထို့အတွက်ကျွန်တော်တစ်ရေးအိပ်ပါမည်။ ညတစ်ညမလိုအပ်ပါ။ ခွေးဟောင်သံမကြားရဖို့သာ အရေးကြီးပါသည်။

          မည်သည့်အရာကိုအလိုရှိ၍ သင်ကျွန်တော်အားပြုံးပြပါသနည်း။ ကျွန်တော်ကတော့ အစွယ်ဖွေးဖွေးတွေကိုသာမြင်ပါသည်။ ကျွန်တော့်ထံမှအသားများများရရန်မျှော်လင့်မထားစေလိုပါ။ ကျွန်တော့်တွင်ပေးစရာအရိုးမရှိသောကြောင့်ဖြစ်ပါသည်။ ထို့အတွက်ကြုံကြိုက်သောအခါမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာရေးပါမည်။

          သင်ဘယ်အရပ်ကလာသလဲ…။ ကျွန်တော်မသိလိုပါ။ ကျွန်တော်ကတော့ ရှေ့တည့်တည့်ကိုသာလျှောက်ပါမည်။ လရောင်ကိုအတူတကွခံစားကြပါစို့…။ သို့ရာတွင်သင်တို့နှင့်တော့ ကြမ်းတစ်ပြေးတည်းမထိုင်လိုပါ။ ကျွန်တော့်တွင်ဖိနပ်မပါသောကြောင့်ဖြစ်ပါသည်။ ရယ်လိုကရယ်နိုင်ကြပါသည်။ သင်တို့သည်လူများဖြစ်သောကြောင့်ဖြစ်ပါသည်။ ထို့အတွက် အားနာရန်မလိုပါ။

          အကြောင်းပြချက်မတောင်းကြပါနှင့်။ ခင်ဗျားတို့အကျိုးတရားကိုလိုချင်မှန်း ကျွန်တော်သိပါသည်။ ကွယ်လွန်သွားပြီဖြစ်သော အမှန်တရားများအတွက် နေ၀င်ချိန်တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်ပွဲ ကျင်းပမည်။ ဆော့ခရေးတီး၏ အဆိပ်ခွက်အားလေလံတင်ရောင်းချမည်။ လာလိုကလာနိုင်ကြပါသည်။ တိုက်ပုံအကျီ င်္ဝတ် လာ ရန်မလိုပါ။ သင်ရှက်တတ်ဖို့သာ အရေးကြီးပါသည်။

          ညသည်လေးလေးလံလံ တွားသွားနေရသည်။ မနက်ဖြန်သည် ကျွန်တော့်အတွက်ဖြစ်နိုင်ခြေရှိသော ဒဏ်ရာတစ်ခုဟုထင်သည်။ သချို`င်္င်းတံခါးပွင့်ပြီ။ မေတ္တာတရားသည် လက်တွန်းလှည်းပေါ်တွင် အသက်ငွေ့ငွေ့သာကျန်တော့သည်။ ထို့အတွက်မည်သူ့အားအပြစ်တင်ရမည်နည်း။ အာမိတ်ကိုတွေ့မှ မေးကြည့်ရပါဦးမည်။ ယခုကျွန်တော်လိုချင်သောအရာက ဒိုင်အိုးဂျီးနီး(စ်) နှင့်တူနေပါသည်။

 

 

ကိုယ်ပိုင်စာသားများ

မွန်းတည့်နေပြီ။ စိတ်ထဲမှာ ဒီအချိန်လောက်နဲ့ မွန်းမတည့်သင့်သေးဟု ယူဆနေမိသည်။ ခြေဦးတည့်ရာသည် မည်သည့်အရပ်မှန်းမသိ။ တောင်ပိုင်း ဒေသမှာ မိုးရွာနေသည်ဟု ရေဒီယိုမှကြားနေရသည်။ မည်သည့်တောင်ပိုင်း ဒေသမှန်းမသိပါ။ ရေဒီယို၏တောင်ပိုင်းဒေသလား။ ဟိမ၀န္တာ၏တောင်ပိုင်းဒေသ လား။ ကျွန်တော်၏တောင်ပိုင်းဒေသမဟုတ်မှန်းတော့ကျွန်တော်သိပါသေးသည်။
ဘီးတပ်ထားသော တချို့သူတို့၏ နေ့ရက်များသည် အထစ်အငေါ့မရှိ ရွေ့လျားနိုင်ကြသည်။ ကဗျာအရေးကောင်းရုံနဲ့ ထမင်းမ၀နိုင်ကြောင်းကို ရေခဲရေ ၀ယ်သောက်နေစဉ် ဖျတ်ကနဲတွေ့လိုက်ရသည်။ သို့ရာတွင် ကဗျာရေးချင်စိတ် အား ဖူးဖူးမှုတ်ထားမိသည်။ ထို့နေ့ကအိပ်၍ပင်မပျော်ပါ။ အရေးမကြီးပါ။ ကျွန်တော်သည် နောက်ထပ်ညများအား အလိုရှိသလောက်ထပ်မံရနိုင်ကြောင်း မနေ့ညက အိပ်မက်မက်ခဲ့လေသည်။
အဟောင်းဆိုင်ထဲ မတော်တဆရောက်သွားတဲ့ အသစ်စက်စက်အင်္ကျီလို လေကောင်းလေသန့်မရတာကြာပြီ။ ဖြစ်နိုင်တယ်ဆိုတဲ့ စကားလုံးကိုထပ်တလဲ လဲ ၀တ်ခဲ့ပြီးမှ ကောင်းကောင်းနေချင်စိတ်တွေ ကောင်းကောင်းစားချင်စိတ်တွေ နှင့်အတူ လျှော်ဖွပ်သိမ်းဆည်းထားလိုက်ပြီ။(ထီပေါက်ချင်စိတ် ရွှေထုပ်ကောက်ရ ချင်စိတ်တို့အား ကျွန်တော်ပြောဖို့မေ့ကျန်ခဲ့သည်။)
ဘ၀တွင် ငွေမရှိလျှင်မဖြစ်ကြောင်း သူမပြောခဲ့တဲ့နေ့ကပဲ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်ကို သူငယ်ချင်းတစ်ယောက်ကို ပေးပစ်လိုက် သည်။ ကျွန်တော့်တွင် သံလိုက်အိမ်မြှောင်တစ်ခုရှိကြောင်း သူမ မသိခဲ့၍ ထိုသို့ပြောခြင်းဖြစ်ပါလိမ့်မည်။ ထိုနေ့မှစ၍ သူမမျက်စိရှေ့မှ ကျွန်တော်၏ ကဗျာများအား ဆွဲနှုတ်ပစ်ခဲ့သည်။ ထိုနေ့မှစ၍ သူမသည် ကျွန်တော့်အတွက် အချစ်တွေကို ကြယ်တစ်ပွင့်လို အလွယ်တကူ ချွေပစ်သွားခဲ့သည်။
ကဗျာသည် ကျွန်တော့်အတွက်တော့ အသားမာတက်နေသော နှလုံးသား တစ်ခုဖြစ်ပါသည်။ သူ့ထံမှာ ကျွန်တော်၏ အတိတ်ရှိခဲ့ပြီးပြီ။ သူ့ထံမှာ ကျွန်တော်၏ ပစ္စုပ္ပန်ရှိနေသည်။ သူ့ထံမှာကျွန်တော်၏ အနာဂတ်ရှိနေလိမ့်ဦး မည်။ ကဗျာသည် ကျွန်တော့်၏ အမြဲတမ်းလိပ်စာဖြစ်ပါသည်။
ကဗျာသည် ပြုတ်ကျရုံနှင့်အလွယ်တကူ ကွဲတတ်သော ဖန်ခွက်တစ်လုံး မဖြစ်နိုင်ကြောင်း၊ သံပတ်ပေးထားသော အရုပ်တစ်ရုပ်မဖြစ်နိုင်ကြောင်း၊ အလွယ်တကူကြွေတတ်သောပန်းတစ်ပွင့်မဖြစ်နိုင်ကြောင်း လွန်ခဲ့သော ညများ၏ သတင်းအစီအစဉ်တွင် ကြေညာသံကို မကြားမိခဲ့ပါ။ ကဗျာသည် ကိုယ်တိုင်ဖျော်သောက်ရသော ဖျော်ရည်တစ်ခွက်ဖြစ်ကြောင်းအဓိပ္ပါယ် သီးခြားထွက်သည့် စကားလုံးအား သစ်ပင်များ၊ ဓာတ်မီးတိုင်များ၊ ကားမှတ်တိုင်များတွင် လိုက်လံကပ်ရန် မလိုအပ်ကြောင်း မည်သူ့ကိုမျှ မပြောတော့ပါ။ ကျွန်တော့်အိမ်မှညသည် အပြင်ကမ္ဘာမှညထက်ပိုနက်ကြောင်း ကိုလည်းမည်သူနှင့်မှ မငြင်းခုံတော့ပါ။ ကျွန်တော့်အတွက်တော့ဖြစ်လာသမျှ အကြောင်းသည် ကဗျာဖြစ်ပါသည်။

အဇ္ဈတ္တ အရိုင်းများ

ကဗျာကတော့စပါပြီ

နမောတဿ သုံးကြိမ်ရွတ်ရန်မလိုပါ

မဖွယ်မရာ စကားလုံးလှလှများဖြင့်

ကြိတ်လှီးမည်ဖြစ်ပါသည်

နားမခံသာသူများ နားနိုင်ကြပါပြီ

 

လကမ္ဘာပေါ်ရေရှာနေချိန်မှာ

မုန်တိုင်းအောက်က မြို့လေးဟာ

ရေတွေကြီးလို့ …

 

နေကိုမမြင်ရဘူး

လကိုမမြင်ရဘူး

ဆိုးဆိုးရွားရွား … ဆိုးဝါး

အနာဂတ်ကိုလည်းမမြင်ရဘူး

 

ငါတို့အပေါ်ကိုဖုံးနေတာ

ဘယ်သူ့အရိပ်လဲ …

ဘယ်သူလဲ …

ဘယ်ဝါလဲ …

ဘယ်လိုသတ္တ၀ါလဲ …

 

ချီးတဲ့မှပဲ …

ဘယ်သူ့ကို ပသရမလဲ

ဘယ်သူက မစမှာလဲ

ဘာကိုမျှော်နေမိမှန်းကိုမသိတော့ဘူး

 

ခပ်ရိုင်းရိုင်းနှိုင်းရရင်

ခင်ဗျားတို့အခမ်းအနားက လက်ခုပ်သံဟာ

ကျုပ်ဗိုက်ထဲက တကြုတ်ကြုတ်မြည်သံလောက်

မကျယ်နိုင်ပါဘူး

အဲဒီလိုပါပဲ

ဘ၀ဆိုတာ ကိုယ်ကြုံမှကိုယ်သိ

ဘယ်ငတိကမှ ၀င်ကြည့်ပေးလို့မရဘူး

 

ညနေစောင်းဟာ ခွာသံတဖြောင်းဖြောင်းနဲ့ …

သုရာမေဒယကို ဖန်ခွက်ထဲလောင်းထည့်

ကတိုက်ကရိုက်မော့ချလိုက်တယ်

အူမထဲထိ ပူလောင်လို့ …

တစ်ကိုယ်လုံးလန်းဆန်းသွား

အိမ်အပြန်ခြေလှမ်းများ သွက်လာ …

 

အိမ်အပြန်ခြေလှမ်းများ …

သေချင်းဆိုးချိုင့်ခွက်များအားနင်း

ရဲရဲတင်းတင်း … ရဲတင်း

 

“ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို

ညအသစ်ကို ကြိုဆိုလိုက်တယ်။         ။