နွေတံခါး

ကျောရိုးတည့်တည့်မှာ နားနေတဲ့တစ္ဆေတစ်ကောင်ရဲ့ ကိုယ်နံ့ …။ ဖျတ်ကနဲ အသိမှာ ထွက်လာတဲ့ဓါးသွားက သိသိသာသာကြီး သိမ်မွေ့နေသလိုပဲ။ တွေးဖူးတာထက် ပိုမွှေးနေတယ်။ သူပြုံးလိုက်တဲ့အချိန်မှာ ရှေ့တည့်တည့်ကလောကဟာ ဘာအရောင်လဲ မသဲကွဲတော့ဘူး။

ညတစ်ခုလုံး ကြယ်ရောင်တွေ ရွှဲရွှဲစိုလို့ …။ ဖြတ်သွားဖြတ်လာ ရနံ့တစ်ခု …။ ညရဲ့ကိုယ်သင်းနံ့ထင်ရ။ တိတ်ဆိတ်မှုကရင်ထဲတိုးဝင်တိတ်ဆိတ်။ ပျော်ရွှင်မှုတွေ ဖိတ်ဖိတ်လက်နေတဲ့ ညနေတစ်ခုကို တခမ်းတနား အပိုင်းပိုင်း ဖြတ်ခဲ့သလားဆိုတာ …။ ခြေသံတစ်ခုက စက္ကန့်တိုင်း ပိုပိုဝေးနေသလိုပဲ။ ငါ သီဝရီကျကျ အဖျားတက်တယ်။ အမုန်းတွေ အပ်နှံထားဖို့ ဘဏ်စာရင်းမဖွင့် ထားခဲ့မိဘူးလေ။ အဲဒီလို အင်္ဂါမစုံတဲ့ညကိုပဲ ပွတ်သပ်နေရတယ်။ ခါးလိုက်တာ။

ယမန်နေ့မွန်းလွဲချိန်။ မြို့တစ်မြို့လုံး ရပ်တန့်။ ကားဘီးများ။ ရပ်တန့်။ မြစ်ချောင်းများ။ ရပ်တန့်။ ချိုင်းထောက်တစ်ခု။ ရပ်တန့်။ ခေါင်းလောင်းထိုးသံ။ အသက်ရှုသံများ။ ခေါ်မကြားအော်မကြားများ။ ရပ်တန့်။ ပန်းတစ်ပွင့် ဖျတ်ကနဲလေထဲမှာ ရပ်တန့် … ပြီး … သူမကိုရပ်တန့်ဖို့ကြိုးစားကြပြီး … ထာဝရရပ်တန့်။ ခြေသံတစ်ခုကတော့ စက္ကန့်တိုင်းဝေးဆဲ။ ငါနဲ့အတူ အလွမ်းတွေ ဖ၀ါးခြေထပ်လိုက်ပါလာတယ်။ ကျိန်စာလား။ လောကကြီးရဲ့ဆိုနေကျ သီချင်းတစ်ပုဒ်လား။ တစ်ယောက်လက်တစ်ယောက်တွဲပြီး။ အိပ်မက်။ ဘဝ။ ခရောင်းလမ်း။ အသည်းကွဲနေသော။ မီးခြစ်။ စူပါမားကတ်လောက် ပြည့်စုံနိုင် ပါ့မလား။ ခြေသံ။ ရင်ဘတ်ကြီး ပေါက်ထွက်လာမှပဲ ဓါးသွားမှန်းသိခဲ့ရ။ အဖြစ်သနစ်ကို ရင်ခွဲရုံပို့ရမှာလား။

သေသေချာချာမေးပေးပါ။ ကျွန်တော့်နာရီရပ်နေခဲ့တာကြာပါပြီ။ အိပ်မက်တွေ အစိမ်းလိုက်ကြွေခဲ့ပြီထင့်။ သူမဟာစေလိုရာ စေနိုင်တဲ့ ဒေဝတာတစ်ပါးဖြစ်တယ်။ ငါ့ဆံပင်တွေ ရှည်လာပြန်ပြီကောင်မလေးရေ။ ကြားရာအရပ်ကနေဆက်သွားပါ။ မိုးရာသီတစ်ခုလုံးလည်း ငိုရလွန်းလို့ ရွှဲရွှဲစိုနေပြီ။ တစ်နေ့တခြား။ ငါ့ကိုယ်ထဲပဲ ငါပြန်စီးဝင် လိုက်တယ်။ လူသံသူသံ။ တွေးတွေးဆဆ။ အမှိုက်ပုံး။ ကြေကွဲရလွန်းလို့။ ပြန်မပြောချင်တော့ဘူး။ ပိုက်တစ်လျှောက် ငါတဟုန်ထိုး လွင့်ထုတ်လိုက်တယ်။ ကောင်းကင်က ကျယ်ပြောလှပါဘိ။ မနက်ဖြန်မှပဲငါ့နာရေးငါပြန်ဖတ်လိုက်တော့မယ်။ သိလား …။

ငါက မင်းရဲ့မှောက်ဖဲတစ်ချပ်ဖြစ်ခဲ့ရုံ။ ပန်းတွေတဝဲဝဲကြွေတယ် ကောင်မ လေးရယ်။ အလွမ်းတွေ ငါ့အခန်းနဲ့မဆံ့တော့ဘူး။ ကောင်းကင်ကြီးတစ်ခုလုံး ဒဏ်ရာအပြည့်နဲ့။ သွေးသံရဲရဲတွေ ငါ့အပေါ်ရွာချ၊ ငါကိုယ်တိုင်ကဒဏ်ရာဖြစ်နေ တာသူမသိခဲ့ရဘူးထင်ပ။ အင်းလေ … နင့်ရဲ့အပြုံးက မှော်ဆန်ခဲ့တော့လည်း။ အချစ်ဆိုတာ ဖိနပ်တစ်ရံလောက်တောင်မှ နင့်ခြေလှမ်းတွေအတွက် သူရဲကောင်းဆန်နိုင်ပါ့မလား။ နင်ဒီလောက်ထိ သံသယရှိခဲ့တယ်လေ။ ခက်တယ် …။ မနက်ဖြန်ဆိုတဲ့ တံခါးတွေကိုဖွင့်မကြည့်ချင်တော့ဘူး။ အလွမ်းတွေ တက်ကုန်ရွက်ကုန်လွင့်တယ်။ စူးစူးဝါးဝါး။ နင်အဲဒီလိုနဲ့ ငါ့ကိုဝေဝေဝါးဝါး ထားခဲ့တာကြာပြီ။

1 comments:

Post a Comment