အမဲလိုက်ခြင်း

အမဲလိုက်ခြင်း

ကိုယ့်ဖာသာတည်ဆောက်ထားတဲ့ မြို့မှာ
ကိုယ်တိုင်မွေးထားတဲ့သားကောင်တွေကို ပစ်လို့
ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ စားကျက်ထဲ
ယုန်လည်းသေသာ ကျားလည်းလျှောသာ ထောင်ချောက်တွေ
ဖွတ်မရရင် ကင်းလိပ်ဖမ်းပြန်မယ့်သူတွေကများသား
ဒီကြားထဲမှာ ကဗျာဆရာဆိုတာဟာလည်း
ဒဏ်ရာ ဗရပွနဲ့သားကောင်ဖြစ်နေခဲ့ရ
သူ့လက်ထဲဖမ်းမိတာဆိုလို့
ကဗျာ … ချည်း။


ကြက်သွန်

နွား


နွား

ဘယ်ဖက်ကပဲကြည့်ကြည့်
မြင်နေရတာက နွားတစ်ကောင်ဖြစ်နေတာသေချာ
ဒါပေမယ့် ဘယ်နေရာကပဲကြည့်ကြည့်
ကျုပ်ကိုယ်ကျုပ်မမြင်ရဘူး
ကျုပ်ဟာနွားမဟုတ်ဘူးဆိုပါစို့
ဘာများဖြစ်မလဲ … ၊၊ ၊၊




အသည်းကွဲ စက္ကူ(များ)

" အသည်းကွဲ စက္ကူ "

 

ငါ က

(ဒုက္ခလှလှလေးနဲ့ ရေးထားတဲ့)

ကဗျာတစ်ပုဒ်ဖြစ်ချင်ခဲ့တဲ့

စက္ကူတစ်ရွက်ပါ။

(တစ်ဦးတစ်ယောက်ရဲ့)

လက်ဖဝါးလှလှလေးကသာ

ငါ့ကို

......... လေယာဉ်ပျံလုပ်ပြီး

လွှင့်မပစ်ခဲ့ရင်ပေါ့ ၊၊            ၊၊

    (ဇာတိ)

 

 

" အသည်းကွဲစက္ကူ "

 

နင်ကြိုက်တဲ့

ရောင်စုံစက္ကူတစ်ရွက်မှ

ငါက ဖြစ်မလာတာ

အရုပ်လှလှလေးတွေလည်းမပါဘူး

အရောင်ဗလာနဲ့

မီးထဲရေထဲ

အသည်းကွဲနေတဲ့ စက္ကူ . . . . .၊၊   ၊၊

 (သူရဿဝါ)

 

 

"  အသည်းကွဲ စက္ကူ "

 

တိမ်တွေကိုမည်းမှောင်ပစ်လိုက်ရင်း

ညနေရဲ့အမှောင်ကို ပျစ်စေးစေလိုက်ရင်း

မြေနီလမ်းလေးကို စိုထိုင်းစေလိုက်ရင်း

လျှပ်စီးတန်းတွေကို ကွေးကိုင်းစေလိုက်ရင်း

မုတ်သုံကို ရင်ဘတ်ထဲဆွဲသွင်းထားလိုက်ရပြီး

အဲဒီညနေဟာ

သက်ဆိုင်ရာသို့အကြောင်းမကြားလိုက်ရဘဲ

အသံတွေတဖြည်းဖြည်း တိမ် တိမ်သွားတယ်။

(ကြက်သွန်)

 

"  အသည်းကွဲ စက္ကူ "

 

တတ်ပဲတတ်နိုင်လွန်းလှချည်ရဲ့

တစ်ဝက်တစ်ခြမ်း စုတ်ဖြဲခဲ့ပြီးမှ

နယ်နမိတ်ချင်း ပြန်လည်ထိစပ်ချင်ပါသတဲ့လား ..

စေလိုရာကို စေပါတော့ .. မှော်လေးရေ

ငါဟာ … အပိုင်းပိုင်းပြတ်နေတဲ့

မင်းရဲ့ လိုရာသုံး စက္ကူစုတ်လေးတစ်ရွက်မို့ပါပဲ ကွယ် ၊၊       ၊၊

(မင်းယွန်းသစ်)

 

"  အသည်းကွဲ စက္ကူ "

 

တစ်ခြမ်းစီ ကွဲကြေသွားပြီဆိုမှ

ပိုင်းခြားလိုက်ကြတာ မဟုတ်ဘူး

. . . .  မဆုတ်မဖြဲ

ပြဲ သွား ခဲ့ တဲ့ စ က္ကူ လေး မှာ

နင် နဲ့ ငါ

တစ် ခြမ်း စီ ပါ သွား ခဲ့ တယ် ၊၊         ၊၊

(ရိုးရာ)

 

"  အသည်းကွဲစက္ကူ "

 

အရောင်မရှိ အနံ့မရှိ

ဘာဖြစ်တည်မှုတစ်ခုတစ်လေမပါဝင်ခဲ့တဲ့

စာရွက်တစ်ရွက် ပါ

ဒါကိုများ ၀ိုင်းသမုတ်လိုက်ကြပါသေးတယ်

အသည်းကွဲ စက္ကူ တဲ့........................၊၊

( အမည်မဲ့)

 

"  အသည်းကွဲစက္ကူ  "

 

စက္ကူတစ်ရွက်ရဲ့ တန်ဖိုးကို

အဲဒီစက္ကူအပေါ်မှာရှိတဲ့ ပုံရိပ်တွေနဲ့ ဖြတ်တယ်...

တကယ်လို့

ငါက စက္ကူတစ်ရွက်ဆိုရင်

ငါ့တန်ဖိုးကို ဘယ်လိုဖြတ်ကြမလဲ...

ငါ့ အ ပေါ် မှာ

နင့်ပုံရိပ်တွေချည်း ရှိနေတယ်...။ ။

 (ရွှေယုန်)

 

"  အသည်းကွဲစက္ကူ  "

 

ဘယ်သူကရေးလို့ ဘယ်သူကဖျက်လည်း

လက်နဲ့ ရေးပြီး ခြေနဲ့ ဖျက် ခြေနဲ့ ရေးပြီး လက်နဲ့ ဖျက်

(အမှားတွေကင်းအောင်လို့ တဲ့ လားကွယ်)

ဘာမှမကျန်ခဲ့ ဘူးဆိုပေမယ့်

စက္ကူဘယ်လောက်ကောင်းကောင်း ခဲဖျက်နဲ့  ခဏခဏဖျက်မိတဲ့ အခါ

စုတ်ပြဲသွားတတ်တာပဲ။  ၊၊

(ဖိုးခွား)

 

 

"  အသည်းကွဲ စက္ကူ "

 

ရိုးသားစွာ ရက်စက်တဲ့လက်ရေးလှလှလေးကြောင့်

အသည်းကွဲ သွားတဲ့ စက္ကူချပ်လေးထဲ

(ကိုယ်)

လောင်ကျွမ်းခဲ့ရတယ် ၊၊          ၊၊

(ဏေသစ်)

 

ပုံပြင်ထဲက ကဗျာဆရာပြောခဲ့တဲ့ ပုံပြင်

ပုံပြင်ထဲက ကဗျာဆရာပြောခဲ့တဲ့ ပုံပြင်

 

တွေ့မိကြသလားဗျာ

ကဗျာဆရာတစ်ယောက်ဒီနားမှာပျောက်သွားပါတယ်

ဟိုနားကခပ်ကုပ်ကုပ် ပုံပြင်ထဲများဝင်သွားသလား

တွေ့ရင်ပြောကြပါဗျာ

 

ကဗျာဆရာရဲ့ပုံပန်းသဏ္ဍာန်ကဒီလိုရှိပါတယ်

သူကပုံပြောလည်းအရမ်းတော်ပါတယ်

 

သူကတစ်ခုမှာခဲ့ပါတယ်

သူကိုတွေ့အောင်ရှာနိုင်ရင် ပုံပြင်တစ်ပုဒ်ပြောပြမယ်တဲ့

 

ကျွန်တော့် ပုံပြင်ထဲက

                              ဗျာဆရာက

                                             ဗျာတစ်ပုဒ်မဟုတ်တဲ့

                  ပုံပြင်တစ်ပုဒ် ပြောသွားပါတယ်။

 

အခုပုံပြင်ကလည်း ပဒေသရာဇ်ကဗျာဆရာပြောခဲ့တဲ့အတိုင်းပါပဲ

ကျွန်တော်လည်းသူ့ကို အခုထိရှာနေတုန်းပါပဲ

အခုထိသူပြောခဲ့တဲ့ ပုံပြင်လေးကိုပြောပြနေမိတုန်းပါပဲ

အမှန်တကယ်က ကဗျာဆရာတစ်ယောက်ဒီထဲမှာပျောက်နေတာပါ

တွေ့ရင်ပြောကြပါဗျာ

ကဗျာဆရာတစ်ယောက်ဒီအထဲမှာပဲပျောက်နေတာ။       

မြို့နေပြည်သူဆိုတော့ကာ …

တာယာသံတွေဆူညံလွန်းနေသလား
သာယာသံမဟုတ်တာတော့ ဆောရီးပါ
တယောသံလည်းမဟုတ်ဘူးဗျ
ဒါ မြို့ရဲ့အသံ …
ဒါ မြို့ရဲ့ ဖိုထိုးမောင်းနှင်သံ
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
မြို့တစ်မြို့ရဲ့ ရယ်သံလို့မှတ်တယ်

အရမ်းများပြည့်သိပ်လွန်းနေသလားမသိဘူး
ပလက်ဖောင်းပေါ်ခေါင်းအုံးအိပ်ဖို့မစဉ်းစားနဲ့ကိုယ့်လူ
အဲဒီမှာ နေရာလွတ်မရှိဘူး …
လက်ခုပ်တီးပြီးအော်နေတယ်
သုံးခုတိတိရမယ်တဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေများလားမသိဘူး
တစ်ခါတရံ လောဘ၊ ဒေါသ၊ မောဟ တွေက ညပ်ညပ်ပါလာသေး
အဟောင်းဆိုင်ဆိုတာကတော့
ကျွန်တော့်အားထားရာပေါ့
အထင်တော့မသေးနဲ့ဗျ
နာရီဝက်အတွင်း ဘရက်ပစ်နဲ့တူအောင်လုပ်လို့ရတယ်
နာရီဝက်အတွင်း အမ်မီနမ် နဲ့တူချင်သလားရတယ်
နာရီဝက်အတွင်းတော့အိမ်ပြန်မခေါ်နဲ့လေ
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
ကားလမ်းပိတ်တာကို ရပ်စောင့်ရမယ်
တစ်နာရီမိုင်သုံးဆယ်နှုန်းအတွင်းရွေ့လျားရတယ်လေ
နာရီဝက်အတွင်းတော့အရောက်မခေါ်နဲ့ပေါ့
ကျွန်တော်တို့အိမ်က မြို့သစ်ကို(ချက်ချင်း)ရွှေ့ရဦးမှာမှမဟုတ်တာ

မီးတိုင်တွေကလင်းချင်းလွန်းအားကြီးတော့လည်း
မှောင်ရိပ်ခိုချင်သူ ပျိုဖြူတွေရဲ့ အကျပ်အတည်းကအထင်းသားပေါ့
မရယ်နဲ့လေဗျာ …
သူ့ဝမ်းသမုဒ္ဒရာ သူကိုယ်တိုင်ရွက်လွှင့်ပါစေ
ရေနစ်သူဝါးကူထိုး အတင်းကြီးတော့ ၀ိုင်းမနှစ်ကြနဲ့ပေါ့
ဒစ္စကိုမီးရောင်အောက်မှာလောက်တော့ဘယ်လှနိုင်ပါ့မလဲ
သိန်းကျော်တန်ရေမွှေးတော့လည်း ဘယ်ဆွတ်နိုင်ပါ့မလဲ
ဒီလိုပဲ …
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
လူတွင်ကျယ်ဝင်ဝင်လုပ်တတ်တယ်ပေါ့

ဒီဂျစ်တယ်ဖန်သားပြင်ပေါ်လက်တို့ပြီး ပြောနေကြသလား
လက်တို့ပြီးတော့ ပြောရဦးမှာလား
နည်းပညာဝါးမြိုခံ ပြောရမှာလား
နည်းပညာစားသုံးသူလား
ကီလိုဘစ် တွေအဆတ်မပြတ်စီးဆင်း …
မှုထဲမှာ
မောင်ချောနွယ်ပါတယ်
ဘယ်သူမှန်းမသိတဲ့
ထပ်ခါတလဲလဲကြားနေရတဲ့
မာယာကော့စကီးပါတယ်
လိင်တူ လိင်ကွဲ၊ သံတူ ကြောင်းကွဲတွေပါတယ်
အနိုင် အရှုံးတွေပါတယ်
လက်ရှိပေါက်ဈေးတွေပါတယ်
တစ်ခါတလေ ဗိုက်သားချပ်ချပ်နဲ့ကောင်မလေးတွေတောင်ပါသေး
နောက်ဆုံးပေါ်တွေပါတယ်
အဆုံးထိပေါ်နေတာတွေပါတယ်
ချစ်သလား ကြိုက်သလားတွေပါတယ်
ဘယ်နေရာကိုလာပါ ဘာအရောင်ဝတ်ခဲ့ပါ ပါတယ်
ဖျက်ဆီးမှုအားကောင်းမောင်းသန်တွေပါတယ်
လက်တို့ပြီးတော့ ပြောရဦးမယ်
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
ကျွန်တော်လည်း အဲဒီထဲမှာပါတယ်

မြစ်ဆိုတာလောက် မကျယ်တော့လည်း
ငါတို့ မြောင်းတွေ
ပိတ်ဆို့သင့်သလောက်ထက်မကပိတ်ဆို့ရတာပ
အဲဒီထဲမှာ
ခင်ဗျားပစ်လိုက်တဲ့ ပလတ်စတစ်အိတ်ပါကောင်းပါလိမ့်မယ်
ထားပါ
ပိတ်ဆို့ပြီးမှတော့ အတူတကွ ပိတ်ဆို့ကြတာပေါ့
ကန်တော်လေးမှာ ရေကြီးနေတယ်
လမ်းကျယ်မှာ ရေမြုပ်နေတယ်
အ၀ိုင်းလေးမှာ လှိုင်းပါထနေတယ်
ကျွန်တော်က မြို့နေပြည်သူဆိုတော့ကာ
မြစ်တို့၏မာယာထက် မြောင်းတို့၏မာယာကို ပိုနားလည်တာမဆန်းဘူးလေ
မြို့နေပြည်သူဆိုတော့ကာ …။ ။

“ ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် ... မကြည်ဖြူ ”

ကျွန်တော်မသိဘဲ … မိုးတွေရွာသွားတယ် … မကြည်ဖြူ

အသက်ရှူသံတိုးတိုးလေး
ကြားယောင်နေတယ်ကွယ်
တွေးလိုက်တိုင်း …
ပန်းတွေ တဖြည်းဖြည်း ပွင့်အံလာကြ …
ရနံ့တွေ တဖြည်းဖြည်း ပျံ့နှံ့လာကြ …
ကျွန်တော်ကတော့
တဖြည်းဖြည်းရင့်အိုလာရတဲ့ ပြက္ခဒိန်ထဲက
နေ့လေးတစ်နေ့ပါကွယ်
အဲဒီနေ့လေးထဲ …
ကျွန်တော်မသိဘဲ … မိုးတွေရွာသွားတယ်
… မကြည်ဖြူ

ဘယ်လိုညွှန်းဆိုရမလဲ
ခိုးကြောင်ခိုးဝှက် မိုးစက်တွေအောက်မှာ
နိမိတ်ပုံတွေ သေကုန်ကြပြီ
အဲဒီလို အနိဌါရုံ ထဲကိုမှ
အလွမ်းတွေ ထပ်မထည့်ပါနဲ့တော့လေ

ပြောရမယ်ဆိုရင်
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်
ပန်းတွေတောင် အများကြီးပွင့်ခဲ့ကြပြီးပြီလေ
ဘယ်နက္ခတ်မှာပွင့်တဲ့ပန်းက
မင်းအလှကို အံတုနိုင်မှာမို့လဲ … မကြည်ဖြူ

“ကြည့် … အဲဒီလိုထပ်ပြုံးပြန်ပြီ”

မင်းအပြုံးအောက်မှာ
မိုးတွေအကြိမ်ကြိမ်ရွာတယ်
မိုးတွေအကြိမ်ကြိမ်ရွာ
အကြိမ်ကြိမ်မိုးရွာ
ဒီနေ့လည်းအသေအချာပေါ့ … မကြည်ဖြူ
ကျွန်တော်မသိပေမယ့်
တခမ်းတနားရွာသွားတယ်ဆိုတာ …

ကျွန်တော်သိပါတယ်
ဒီကဗျာဖတ်ပြီး
မကြည်ဖြူ တိတ်တိတ်လေးပြုံးနေမှာကို …
တပြိုင်တည်းမှာပဲ
ကျွန်တော်မသိအောင်
မိုးတွေက ရွာကြဦးမယ်လေ …
ဟုတ်တယ်မလား … မကြည်ဖြူ

အာဖရိက က
ကျောပြင်မည်းမည်းတွေပေါ်ကျနေတဲ့
မိုးစက်တွေကလည်း
မကြည်ဖြူ အပြုံးကြောင့်ပဲဖြစ်မှာပဲ
အိမ်ဖြူတော်ပေါ် မိုးဖွဲဖွဲလေးကျနေတာလည်း
အဲဒီအပြုံးကြောင့်ပဲဖြစ်မှာပဲ …
ကျွန်တော်ကတော့
မခွဲခြားခဲ့ပါဘူး
အခုထိလည်း
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်

ထပ်ပြီးတော့ပြောရဦးမယ်
ဟိုးရှေ့ရှေ့တုန်းကလိုပဲ … ချစ်တယ်။ ။

ကိုယ့်ကိုကိုယ် အမှောင်ချထားရတာလောက် ခါးတာမရှိဘူး

တကယ်ဆို …
ဟောဒီမသေချာမှုတွေကို သူလိုချင်ပုံမရဘူး
အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကို သူလိုချင်ပုံမရဘူး
တနင့်တပိုးတွေကို သူလိုချင်ပုံမရဘူး
သတင်းစာ၊ ဂျာနယ်တွေကို သူလိုချင်ပုံမရဘူး
ရှိမှု၊ မရှိမှုတွေကို သူလိုချင်ပုံမရဘူး
ဝေဿန္တရာမင်းရဲ့အလှူတွေကို သူလိုချင်ပုံမရဘူး
အာလာဒင်မီးခွက်ကို သူလိုချင်ပုံမရဘူး
ဒါဝင်ရဲ့မျောက်တစ်ကောင်ကို သူလိုချင်ပုံမရဘူး
စိတ်ကြွဆေးတွေကို သူလိုချင်ပုံမရဘူး
မိတ္တဗလဋီကာကို သူလိုချင်ပုံမရဘူး
ရှေ့မှတ်တိုင်ပါသလားကို သူလိုချင်ပုံမရဘူး
ရီလေတီဗီတီကို သူလိုချင်ပုံမရဘူး
အင်း … သူလိုချင်ပုံမရဘူး
အဟင်း … သူလိုချင်ပုံမရဘူး
ဒါမှမဟုတ် … သူလိုချင်ပုံမရဘူး
ဝေေ၀၀ါးဝါး … သူလိုချင်ပုံမရဘူး
(သို့မဟုတ်) … သူလိုချင်ပုံမရဘူး

တံခါးတွေအကုန်ဖွင့်ထားခဲ့တာတောင်
သူဝင်မလာခဲ့ …
သေချာပါတယ်
သူတိတ်တိတ်လေးပဲမှောင်နေချင်တယ်ဆိုတာ … ။    ။